သက်တံ့
၂၈. ၁၀. ၂၀၂၆
စပိန်နိုင်ငံတွင် ယနေ့ အောက်တိုဘာ ၂၈ ရက် နံနက်ပိုင်းက အရှိန်မြှင့်ရထားနှစ်စင်း တိုက်မိခဲ့သဖြင့် အနည်းဆုံး လူ ၆၈ ဦး သေဆုံးခဲ့သည်။ ယခုဖြစ်စဉ်သည် ယခုနှစ်အတွင်း စပိန်၌ ဒုတိယအကြိမ်မြောက် လူသေဆုံးမှုများပြားသည့် ရထားမတော်တဆမှုဖြစ်ပြီး ၂၀၁၃ ခုနှစ်နောက်ပိုင်း ဥရောပတွင် အဆိုးရွားဆုံး ရထားတိုက်မှုလည်း ဖြစ်သည်။
မီးရထားလမ်းပေါ်တွင် ရထားတစ်စင်း ရပ်တန့်နေသဖြင့် မီးနီပြထားသော်လည်း Renfe ရထားအား ဆက်လက်ထွက်ခွာရန် ခွင့်ပြုမိခဲ့ပြီးနောက် မက်ဒရစ်မြို့တောင်ဘက်၌ ယခုကဲ့သို့ ရထားတိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း စပိန်ပို့ဆောင်ရေးဝန်ကြီးက ပြောကြားခဲ့သည်။
ကွန်ပျူတာ ဆက်သွယ်ရေးစနစ် ချို့ယွင်းမှုကြောင့် မီးနီပြကာ လမ်းကြောင်းအား အလိုအလျောက် ပိတ်ဆို့ထားခဲ့ခြင်းဖြစ်ပြီး၊ လုပ်ထုံးလုပ်နည်းကို ချိုးဖောက်ကာ Renfe ရထားအား ဆက်လက်ထွက်ခွာရန် မှားယွင်းစွာ ဆုံးဖြတ်ခဲ့မိခြင်းဖြစ်ကြောင်းလည်း ဝန်ကြီး ဩစကာ ပူအန်တေး က မက်ဒရစ်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။
တောင်စောင်းပေါ်ရှိ မီးရထားလမ်းဘေးတွင် လူနာတင်ယာဉ်များ၊ နိဗ္ဗာန်ယာဉ်များနှင့် ရဟတ်ယာဥ်များ ရပ်တန့်ထားသည်ကို တွေ့ရပြီး တွန့်လိမ်နေသည့် သံထည်များ၊ ပျက်စီးနေသည့် အစိတ်အပိုင်းများနှင့် အပျက်အစီးများမှာ အောက်သို့ လိမ့်ကျသွားသည့် ရထားတွဲ ၃ တွဲနှင့်အတူ တောင်စောင်းအတိုင်း ပြန့်ကျဲနေခဲ့သည်။
◾ ကူညီကယ်ဆယ်ရေးအဖွဲ့များက ထိခိုက်သေဆုံးသူများကို ထပ်မံရှာဖွေနေ
ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးထားသည့် ခရီးသည်များသည် အနီးရှိ လမ်းအတိုင်း တန်းစီလျှောက်လှမ်းလာကြသည်။ အချို့တွင် သွေးစက်များ ပေကျံနေပြီး ဒဏ်ရာများကို ပတ်တီးစီးထားရသလို အချို့မှာမူ ခရီးဆောင်အိတ်များကို ဆွဲလာကြပြီး စေတနာ့ဝန်ထမ်းများက သောက်ရေ ပေးဝေနေကြသည်။
ရထားတစ်စင်း၏ နောက်ဆုံးရထားတွဲတွင် လုပ်ဖော်ကိုင်ဖက်များနှင့်အတူ လိုက်ပါလာသည့် မီဂေးလ် က မတော်တဆမှုဖြစ်ပွားသည့် စက္ကန့်ပိုင်းနှင့် နောက်ဆက်တွဲအခြေအနေကို ပြန်လည်ပြောပြခဲ့သည်။
”ကျွန်တော်တို့ အတော်လေးကျယ်လောင်တဲ့ မြည်ဟိန်းသံကြီးနဲ့ ၁၀ စက္ကန့်မက ကြာအောင် ကြောက်စရာကောင်းတဲ့ တိုက်သံကြီးကို ကြားလိုက်ရတယ်။ ရထားလမ်းချော်တော့မလိုပါပဲ။ ညာဘက်ပြတင်းပေါက်ကနေ ကြည့်လိုက်တော့ ပျက်စီးနေတဲ့ ရထားတစ်စင်းကို တွေ့လိုက်ရတယ်” ဟု ကုတ်ပ် (COPE) ရေဒီယိုသို့ ပြောကြားခဲ့သည်။
သေဆုံးသူဦးရေမှာ ၆၈ ဦးအထိ မြင့်တက်လာကြောင်းနှင့် ကယ်ဆယ်ရေးလုပ်သားများသည် အခြားဒဏ်ရာရသူများနှင့် သေဆုံးသူများကို ရှာဖွေရန် ရထားတွဲတစ်ခုချင်းစီအလိုက် ဆက်လက်ဝင်ရောက်ရှာဖွေနေဆဲဖြစ်ကြောင်း ကာစတီလာ-လာမန်ချာ ဒေသဆိုင်ရာအစိုးရအဖွဲ့ခေါင်းဆောင်က ပြောသည်။
◾ ရထားလုပ်ငန်း Renfe က အကြောင်းအရင်းကို စုံစမ်းစစ်ဆေးနေကြောင်း ပြောကြား
အဆိုပါ ရထားတိုက်မှုမှာ ယခုနှစ် ဇန်နဝါရီလက အလားတူ ရထားလိုင်းပေါ်၌ပင် ရထားလုပ်ငန်းတစ်ခုတည်း၏ အရှိန်မြှင့်ရထားနှစ်စင်း တိုက်မိပြီး လူ ၄၆ ဦး သေဆုံးခဲ့သည့် ဖြစ်စဉ်ပြီးနောက် ထပ်မံဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ဇန်နဝါရီလအတွင်း မတော်တဆမှုတွင် ကော်ဒိုဘာပြည်နယ်၊ အာဒါမုဇ်မြို့ အနီး၌ ရထားတစ်စင်း လမ်းချော်ကာ မျက်နှာချင်းဆိုင်မှ လာသောရထားကို ဝင်တိုက်ခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ရထားလမ်း ထိန်းသိမ်းရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု ပမာဏနှင့် ပတ်သက်၍ အငြင်းပွားဖွယ်ရာများ ထွက်ပေါ်ခဲ့သည်။
ယနေ့ဖြစ်စဉ်ကို သိရှိသူတစ်ဦး၏ ပြောကြားချက်အရ ပုဂ္ဂလိကဖက်စပ် ကုမ္ပဏီဖြစ်သည့် Iryo မှ မောင်းနှင်သော ရထားသည် လိုင်းခွဲအချက်ပြစနစ် အမှားအယွင်းကြောင့် လမ်းကြောင်းထိန်းသိမ်းရေးအဖွဲ့ (Adif) ၏ ညွှန်ကြားချက်ဖြင့် တိုလီဒိုမြို့အနီးတွင် ရပ်တန့်ခဲ့ကြောင်း သိရသည်။
ထိုစဥ် Renfe မှ မောင်းနှင်သည့် ရထားသည် ရပ်တန့်ထားသော ရထားအား အရှိန်ပြင်းစွာဖြင့် ဝင်ရောက်တိုက်မိခဲ့သဖြင့် ရထားနှစ်စင်းစလုံး၏ ရထားတွဲအများအပြား လမ်းချော်သွားခဲ့ရခြင်း ဖြစ်သည်။
Renfe ကုမ္ပဏီက ထုတ်ပြန်ချက်တွင် ခရီးစဉ်အား ဆက်လက်ထွက်ခွာရန် ခွင့်ပြုချက်ရရှိပြီးနောက် မိမိတို့ရထားမှာ “မသိရှိရသေးသော အကြောင်းအရင်းများကြောင့်” ရပ်တန့်နေသည့် Iryo ရထားကို ဝင်တိုက်မိခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
”Renfe ရထားဟာ ညွှန်ကြားချက်အတိုင်း ဆက်လက်မောင်းနှင်ခဲ့တာဖြစ်ပြီး တိုက်မှုဖြစ်ပွားခဲ့တာပါ။ ဖြစ်စဉ်အသေးစိတ်၊ လမ်းကြောင်းအခြေအနေနဲ့ တိုက်မိရတဲ့ အကြောင်းအရင်းတွေကိုတော့ စုံစမ်းစစ်ဆေးရေးအဖွဲ့က စုံစမ်းဖော်ထုတ်သွားမှာဖြစ်ပါတယ်” ဟု Renfe က ဆိုသည်။
ရိုက်တာသတင်းဌာန၏ မေးမြန်းချက်နှင့် ပတ်သက်၍ Iryo သို့မဟုတ် Adif တို့ဘက်မှ ချက်ချင်းတုံ့ပြန်ဖြေကြားခြင်း မရှိသေးပေ။

◾ သေဆုံးသူများကို တွေ့ရှိခဲ့ကြောင်း ခရီးသည်တစ်ဦး ပြောပြ
အာဏာပိုင်များက ဒဏ်ရာရရှိသူ အရေအတွက်ကို ချက်ချင်းထုတ်ပြန်ခြင်း မရှိသေးသော်လည်း ကျန်းမာရေးဝန်ကြီး မိုနီကာ ဂါစီယာက သွေးလှူဒါန်းကြရန် X (တွစ်တာ) မှတစ်ဆင့် တိုက်တွန်းထားသည်။ Iryo ရထားပေါ်တွင် ခရီးသည် ၁၄၇ ဦးနှင့် Renfe ရထားပေါ်တွင် ခရီးသည် ၃၉၇ ဦး လိုက်ပါလာကြောင်း ကာစတီလာ-လာမန်ချာ ဒေသဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ အက်စသာ ပက်ဒီလာ က ပြောကြားခဲ့သည်။
ယခုဖြစ်စဉ်သည် ၂၀၁၃ ခုနှစ်က စပိန်နိုင်ငံ၊ ဆန်တီယာဂို ဒီ ကွန်ပိုစတာလာ တွင် လူ ၈၀ သေဆုံးခဲ့သည့် ရထားမှောက်မှုပြီးနောက် ဥရောပတွင် သေဆုံးမှု အများဆုံး မတော်တဆမှုလည်း ဖြစ်လာခဲ့သည်။
Iryo ရထားပေါ်မှ ခရီးသည်တစ်ဦးဖြစ်သူ အက်ဒူအာဒါ က ၎င်းအနေဖြင့် ပြင်းထန်သော တိုက်ရိုက် ရိုက်ခတ်မှုကို ခံစားလိုက်ရပြီး အရှေ့သို့ လွင့်ထွက်သွားခဲ့ကြောင်း၊ စတင်ဖြစ်ပွားချိန်တွင် ရထား အရေးပေါ် ရပ်တန့်လိုက်ခြင်းဖြစ်သည်ဟု ထင်မှတ်ခဲ့ကြောင်း ကာဒေနာ ဆဲရ် (Cadena SER) ရေဒီယိုသို့ ပြောခဲ့သည်။
ဒဏ်ရာရရှိသူများကို တွေ့ရှိပြီး ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် ညွှန်ကြားခံရပြီးနောက်မှသာ မတော်တဆမှု၏ ကြီးမားပုံကို သဘောပေါက်ခဲ့ရခြင်း ဖြစ်သည်။
တောင်စောင်းအတိုင်း အောက်သို့ဆင်းကာ ဘေးကင်းရာသို့ ရောက်ရှိပြီးနောက် ရထား၏ အစိတ်အပိုင်းအချို့မှာ တောင်စောင်းတွင် တွဲလောင်းဖြစ်နေပြီး ရထားတွဲတစ်တွဲတွင် မီးလောင်နေသည့် အဆိုးရွားဆုံး မြင်ကွင်းကို တွေ့မြင်ခဲ့ရသည်ဟု ဆိုသည်။
ရဟတ်ယာဥ်၊ ရဲတပ်ဖွဲ့နှင့် လူနာတင်ယာဉ်များ အပါအဝင် အရေးပေါ် ကူညီကယ်ဆယ်ရေးအဖွဲ့များမှာ မိနစ် ၂၀ အတွင်း ရောက်ရှိလာခဲ့ကြောင်းနှင့် “သေဆုံးနေတဲ့သူတွေကို ကျွန်မ တွေ့ခဲ့ရပါတယ်” ဟု သူမက ပြောကြားခဲ့သည်။
Renfe နှင့် Iryo ရထားတို့သည် နံနက် ၉ နာရီကျော်တွင် တိုက်မိခဲ့ကြခြင်းဖြစ်ပြီး Iryo ရထားတွဲ ၂ တွဲ လမ်းချော်သွားခဲ့ကြောင်း ကာစတီလာ-လာမန်ချာ ဒေသဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
Renfe က ထိခိုက်ခံစားရသည့် မိသားစုများအတွက် အထူးဖုန်းလိုင်းတစ်ခု ဖွင့်လှစ်ပေးထားပြီး ဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပို့ထားသည်။ Iryo ကလည်း အရေးပေါ် လုပ်ထုံးလုပ်နည်းများကို စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။
ကော်ဒိုဘာအနီး ဇန်နဝါရီလက ဖြစ်ပွားခဲ့သည့် မတော်တဆမှု အကြောင်းအရင်းကိုမူ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။ ဖေဖော်ဝါရီလက ထုတ်ပြန်ခဲ့သော စပိန်ရဲတပ်ဖွဲ့၏ ပဏာမ အစီရင်ခံစာတွင် ရထားလမ်း၊ သံလမ်း သို့မဟုတ် သံလမ်းနှစ်ခု ဆက်ကြောင်း ပျက်စီးနေခြင်းကို အဓိက အကြောင်းအရင်းအဖြစ် ယူဆထားသော်လည်း အခြား အကြောင်းအရင်း ၇ ချက်ကိုလည်း စုံစမ်းစစ်ဆေးလျက်ရှိသည်။
◾ လာမည့်လတွင် ရွေးကောက်ပွဲ ကျင်းပမည်
လာမည့် နိုဝင်ဘာ ၂၉ ရက်တွင် စပိန်နိုင်ငံ၌ ရွေးကောက်ပွဲ ကျင်းပရန် ပြင်ဆင်နေချိန်တွင် ယခု မတော်တဆမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဝန်ကြီးချုပ် ပက်ဒရို ဆန်းချက်ဇ် သည် မတော်တဆမှု ဖြစ်ပွားရာနေရာသို့ သွားရောက်နေပြီဖြစ်ကြောင်း ဝန်ကြီးချုပ်ရုံးက ထုတ်ပြန်သည်။ အတိုက်အခံ ပြည်သူ့ပါတီ (People’s Party) ကမူ မဲဆွယ်စည်းရုံးရေး အခမ်းအနားများအားလုံးကို ဖျက်သိမ်းလိုက်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
”တိုလီဒိုမှာ ဖြစ်ပွားခဲ့တဲ့ ပြင်းထန်တဲ့ ရထားတိုက်မှုကြောင့် အကြီးအကျယ် တုန်လှုပ်ရပါတယ်။ သေဆုံးသူတွေနဲ့ သူတို့ရဲ့ မိသားစုတွေနဲ့အတူ စာနာထပ်တူ ရှိပါတယ်” ဟု ဝန်ကြီးချုပ် ဆန်းချက်ဇ် က X တွင် ရေးသားခဲ့သည်။
စပိန်ရထားလမ်း ဘေးအန္တရာယ်ကင်းရှင်းရေး အာဏာပိုင်အဖွဲ့၏ အချက်အလက်များအရ လမ်းချော်မှုနှင့် တိုက်မိမှုများ အပါအဝင် မတော်တဆမှုများသည် ၂၀၁၆ ခုနှစ်တွင် ၄၅ ကြိမ် ရှိခဲ့ရာမှ ၂၀၂၄ ခုနှစ်တွင် ၅၇ ကြိမ်နှင့် လွန်ခဲ့သည့်နှစ်တွင် ၆၉ ကြိမ်အထိ မြင့်တက်လာခဲ့သည်။
စပိန်ပြိုင်ဆိုင်မှုဆိုင်ရာ အာဏာပိုင်အဖွဲ့၏ အချက်အလက်များကို ရိုက်တာသတင်းဌာနက ဆန်းစစ်ချက်အရ ယခုနှစ် ပထမခြောက်လအတွင်း စပိန်၌ အရှိန်မြှင့်ရထား စီးနင်းသူ ခရီးသည် ၂၅ သန်းခန့် ရှိခဲ့ပြီး ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁၄ ရာခိုင်နှုန်းခန့် လျော့ကျသွားခဲ့သည်။
ဥရောပကော်မရှင်၏ အချက်အလက်များအရ စပိန်သည် ၎င်း၏ ကီလိုမီတာ ၄,၀၀၀ (မိုင် ၂,၄၈၅ မိုင်) ခန့်ရှိသော အရှိန်မြှင့် ရထားလမ်းကွန်ရက်ကို တိုးချဲ့ရန် အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့သော်လည်း ရထားလမ်းများ ပြုပြင်ထိန်းသိမ်းမှု ရင်းနှီးမြှုပ်နှံမှုတွင်မူ အခြားဥရောပ မဟာမိတ်နိုင်ငံများထက် နောက်ကျကျန်နေခဲ့သည်။
စပိန်သည် ၂၀၁၈ မှ ၂၀၂၂ ခုနှစ်အတွင်း အရှိန်မြှင့် ရထားလမ်းကွန်ရက်အတွက် တစ်နှစ်လျှင် ပျမ်းမျှ ယူရို ၁ ဒသမ ၅ ဘီလီယံခန့် သုံးစွဲခဲ့ပြီး အခြားမည်သည့်နိုင်ငံထက်မဆို ပိုမိုများပြားခဲ့သည်။ သို့သော် အများစုမှာ အခြေခံအဆောက်အအုံ သစ်များဆောက်လုပ်ရန် ဖြစ်ပြီး ၁၆ ရာခိုင်နှုန်းခန့်သာ ပြုပြင်ထိန်းသိမ်းရေး၊ အဆင့်မြှင့်တင်ရေးတို့အတွက် သီးသန့် လျာထားခဲ့ခြင်းဖြစ်သည်။
Ref: Reuters
