◾ နိုင်ငံတော်တွင်ဖြစ်ပေါ်နေသည့် ကုန်ဈေးနှုန်းကြီးမြင့်မှုများ၊ စက်သုံးဆီနှင့်စားသုံးဆီများ နှစ်စဉ်အများအပြား တင်သွင်းနေရမှုများ၊ ငွေကြေးတန်ဖိုး မတည်ငြိမ်မှုများကိုလည်း အဖြေရှာ၍ ဖြေရှင်းပေးကြရမည်ဖြစ်ကြောင်းပါ မှာကြား
သတိုး
၂၈. ၁၀. ၂၀၂၆
တရားမဝင်ကုန်သွယ်မှုများကြောင့် နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့် အခွန်အခများမရရှိသည့်အပြင် နိုင်ငံသားများအနေဖြင့်လည်း အရည်အသွေးပြည့်မီမှုမရှိသည့်၊ အာမခံချက်မရှိသည့် ပစ္စည်းများကို သုံးစွဲကြရနိုင်ကြောင်း၊ ထို့အပြင် တရားမဝင်လမ်းကြောင်းများရှိ လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူများကို ငွေကြေးပေး၍ သွားလာသယ်ဆောင်နေကြသည်ဖြစ်သည့်အတွက် သူခိုးဓားရိုးကမ်းသကဲ့သို့ဖြစ်နေပြီး ရရှိသည့်ငွေကြေးများဖြင့် ၎င်းတို့၏အင်အားများကို တိုးချဲ့တည်ဆောက်နေနိုင်ကြခြင်းသည် ငြိမ်းချမ်းရေးဖော်ဆောင်မှုကိုလည်း အဟန့်အတားဖြစ်စေနိုင်ကြောင်း ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ထည့်သွင်းပြောကြားသည်။
အစည်းအဝေးသို့ ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့်တက်ရောက်ကြသည်။

◾ နိုင်ငံ့သမိုင်းတွင် မှတ်ကျောက်တင်ခံနိုင်သည့် အစိုးရတစ်ရပ်ဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်
ဦးစွာ နိုင်ငံတော်သမ္မတက အဖွင့်အမှာစကားပြောကြားရာတွင် အစိုးရတစ်ရပ်အနေဖြင့် တိုင်းပြည်သာယာဝပြောရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးတို့ကိုအမြဲမပြတ် ရွက်ဆောင်ကြိုးပမ်း အကောင်အထည်ဖော်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ကမ္ဘာပေါ်ရှိ ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးကြသည့်နိုင်ငံများအနက် ရွေးကောက်ပွဲတွင်အနိုင်ရရှိပြီး နိုင်ငံကိုဦးဆောင်လျက်ရှိနေသည့် အစိုးရအဖွဲ့များရှိသကဲ့သို့ ရွေးကောက်ပွဲပြန်လည်ကျင်းပပေးနိုင်ရေး ပြင်ဆင်နေကြသည့် အစိုးရအဖွဲ့များလည်းရှိကြကြောင်း၊ နိုင်ငံတကာနှင့် မိမိတို့နိုင်ငံ၏ သမိုင်းကြောင်းတွင်ဖြစ်ပေါ်ခဲ့သည့် ရွေးကောက်ပွဲဆိုင်ရာများကို လေ့လာကြည့်မည်ဆိုပါက နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားကို ပိုမိုဖော်ဆောင်ပေးနိုင်သည့် အစိုးရအဖွဲ့များအနေဖြင့် မဲဆန္ဒရှင်ပြည်သူများ၏ ထောက်ခံအားပေးမှုကိုရရှိကြပြီး သမိုင်းကြောင်းတွင်လည်း မှတ်ကျောက်တင်ခံနိုင်ကြသည့် နာမည်ကောင်းများဖြင့် မှတ်တမ်းကျန်ရှိခဲ့ကြကြောင်း၊ ထို့အတူ ရွေးကောက်ပွဲများတွင် ဆွဲဆောင်စည်းရုံးမှုကောင်းစွာဖြင့် အနိုင်ရရှိခဲ့ကြပြီး အမှန်တကယ်နိုင်ငံ့တာဝန်များကို ဦးဆောင်ရသည့်အချိန်တွင် မျှော်မှန်းထားသည့် အတိုင်းဖြစ်မလာခဲ့သည့်၊ အားရဖွယ်လုပ်ဆောင်ချက်များမရှိဘဲ ပြည်သူတို့၏ လူမှုစီးပွားဘဝများကို ဖွံ့ဖြိုးတိုးတက်အောင် ဖော်ဆောင်ပေးနိုင်မှုများမရှိခဲ့သည့် အစိုးရအဖွဲ့များလည်းရှိကြကြောင်း၊ နိုင်ငံ၏သမိုင်းကြောင်းကို လေ့လာကြည့်မည်ဆိုပါကလည်း ၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အနိုင်ရရှိပြီး တက်လာခဲ့သည့် ပါတီစုံဒီမိုကရေစီ ဒုတိယအစိုးရအဖွဲ့အနေဖြင့် နိုင်ငံသူ၊ နိုင်ငံသားများ မျှော်မှန်းထားသည့် အတိုင်းအတာတစ်ခုအထိ နိုင်ငံတော်နှင့် နိုင်ငံသားတို့၏အကျိုး စီးပွားကို အမှန်တကယ်ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နိုင်မှုမရှိခဲ့သည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
ထို့သို့ဖြစ်ပေါ်ခဲ့မှုကြောင့် ပြည်သူများအနေဖြင့် အာဏာရအစိုးရနှင့် ရွေးကောက်ပွဲအပေါ်အာရုံစိုက်မှုနှင့် အလေးအနက်ထားမှုများလျော့ပါးလာခဲ့ကြပြီး ၂၀၁၉ ခုနှစ် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူများအနက် ၁၄ ရာခိုင်နှုန်းခန့်သာမဲပေးခဲ့ကြကာ No Vote လှုပ်ရှားမှုများအထိပင်ဖြစ်ပေါ် လာခဲ့ကြောင်း၊ ထို့သို့ဖြစ်ပေါ်ခြင်းသည် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာမှုကို ထိခိုက်စေခြင်းပင်ဖြစ်ကြောင်း၊ ထို့နောက် ၂၀၂၀ ပြည့်နှစ်တွင် ကျင်းပခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ထပ်မံအနိုင်ရရှိရေးအတွက် မသမာသောနည်းလမ်းများဖြင့် ဆောင်ရွက်ခဲ့မှုများကြောင့် ကြီးမားသည့်မဲစာရင်းကွာဟမှုများဖြစ်ပေါ်ခဲ့ပြီး နိုင်ငံ၏ရွေးကောက်ပွဲသမိုင်းတွင် အမည်းစက်တစ်ခုအဖြစ် ထင်ကျန်စေခဲ့ကြောင်း၊ မိမိတို့အစိုးရအဖွဲ့အနေဖြင့် နိုင်ငံတကာနှင့် မိမိတို့နိုင်ငံတွင်ဖြစ်ပေါ်ခဲ့သည့် ဖြစ်စဉ်ဖြစ်ရပ်များကို သင်ခန်းစာယူ၍ တိုင်းပြည်သာယာဝပြောရေးနှင့် ပြည်သူလူထု၏လူမှု စီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးတို့ကိုဦးတည်ချက်ထား၍ အမြဲမပြတ်ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်ပေးသွားကြရမည်ဖြစ်ကြောင်း၊ နိုင်ငံ့သမိုင်းတွင် မှတ်ကျောက်တင်ခံနိုင်သည့် အစိုးရတစ်ရပ်ဖြစ်စေရေး မိမိတို့ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှနှင့် နိုင်ငံ၏ရေခံမြေခံကောင်းများ၊ အရင်းအမြစ်များကို မှန်မှန်ကန်ကန်ပေါင်းစပ်အသုံးချ၍ ကြိုးပမ်းဆောင်သွားကြရမည်ဖြစ်ကြောင်းလည်း နိုင်ငံတော်သမ္မတက မှာကြားသည်။

◾ နိုင်ငံ့စီးပွားဖွံဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတက်ရေး ကြိုးပမ်းဆောင်ရွက်
ထို့အပြင် မိမိတို့နိုင်ငံအနေဖြင့် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့်စီးပွားရေးလုပ်ငန်းများနှင့် မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက် သယံဇာတအရင်းအမြစ်များကို ထုတ်ယူသုံးစွဲသည့် စီးပွားရေးလုပ်ငန်းများကို ရှေးအစဉ်အဆက်ကတည်းက ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်ရာ၌ မိရိုးဖလာနည်းလမ်းများကို အသုံးပြုဆောင်ရွက်ခြင်းမှ ဖောက်ထွက်ကာ စဉ်ဆက်မပြတ် ပြောင်းလဲနေသည့် ခေတ်မီနည်းပညာများကိုအသုံးပြု၍သုတေသနပြု လေ့လာသုံးသပ်ပြင်ဆင်ဆောင်ရွက်သွားကြမည်ဆိုပါက နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို ပိုမိုအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ လုပ်ငန်းများဆောင်ရွက်ကြရာတွင်လည်း အမှန်တကယ်အလုပ်လုပ်ကြရန်နှင့် စွမ်းအားပြည့် အလုပ်လုပ်ကိုင်နိုင်ရေးအတွက် အခွင့်အလမ်းများဖော်ဆောင်ပေးနိုင်ရန်လိုကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင်လိုအပ်သည့် သွင်းအားစုများကိုလည်း ဖြည့် ဆည်းပေးနိုင်ရန်လိုကြောင်း၊ အမှန်တကယ်အလုပ်လုပ်ကြမည်ဆိုပါက ထုတ်ကုန် ပစ္စည်းများရရှိလာမည်ဖြစ်ပြီး ထိုမှတစ်ဆင့် ပြည်ပသွင်းကုန်များကိုလျှော့ချနိုင်ကာ ပြည်ပ ပို့ကုန်များကို တိုးမြှင့်ရရှိလာမည်ဖြစ်သဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို များစွာ အထောက်အကူပြုစေမည်ဖြစ်ကြောင်းလည်း နိုင်ငံတော်သမ္မတက မှာကြားသည်။
ယင်းအပြင် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့်လုပ်ငန်းများ၊ သယံဇာတအရင်းအမြစ်များကို ထုတ်ယူသုံးစွဲသည့်လုပ်ငန်းများအပြင် ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတစ်ခုဖြစ်သည့် အထည်ချုပ်လုပ်ငန်း (CMP) ဆောင်ရွက်ကြသည်များလည်းရှိပြီး ယင်းလုပ်ငန်းသည် ပြည်ပရင်းနှီးမြှုပ်နှံမှုများရှိမှသာလျင် ဆောင်ရွက်၍ရသည့် လုပ်ငန်းတစ်ရပ်ဖြစ်ကြောင်း၊ CMP လုပ်ငန်းများ၌ လုပ်ကိုင်ဆောင်ရွက်နေကြသူများ အများအပြားရှိကြသဖြင့် လုပ်ငန်းဆောင်ရွက်မှုများ အဆင်ပြေချောမွေ့မှုရှိစေရေး သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့များအနေဖြင့် လိုအပ်သည်များ စိစစ်ဖြည့်ဆည်း အားပေးဆောင်ရွက် ပေးနိုင်ရန်လိုကြောင်း၊ မိမိတို့အနေဖြင့် ဈေးကွက်စီးပွားရေးစနစ် ကိုကျင့်သုံးဆောင်ရွက်လျက်ရှိပြီး နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ ယခင်ကကြုံတွေ့ခဲ့ရသော စီးပွားရေးနှင့်ပတ်သက်သည့် အခက်အခဲနှင့် သင်ခန်းစာများကို ဆန်းစစ်ဖော်ထုတ်ပြီး သုံးသပ်အဖြေရှာဆောင်ရွက်သွားကြရန်လိုကြောင်း၊ နိုင်ငံ၏ အဓိကစီးပွားရေးဖြစ်သော စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများမှ တန်ဖိုးမြှင့်ထုတ်ကုန်ပစ္စည်းများတိုးမြှင့်ရရှိရေး၊ ပြည်ပပို့ကုန်များတိုးမြှင့်ရရှိရေးနှင့် မိမိတို့နိုင်ငံ၏ထုတ်ကုန်များဈေးကွက်ရရှိရေးတို့အတွက် အစိုးရ၊ စိုက်ပျိုးမွေးမြူ ထုတ်လုပ်သူများနှင့် စီးပွားရေးလုပ်ငန်းရှင်များအားလုံး လက်တွဲညီညီဖြင့် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်တွင်ဖြစ်ပေါ်လျက်ရှိသည့် ကုန်ဈေးနှုန်းကြီးမြင့်မှုများ၊ စက်သုံးဆီနှင့်စားသုံးဆီများ နှစ်စဉ်အများအပြား တင်သွင်းနေရမှုများ၊ ငွေကြေးတန်ဖိုး မတည်ငြိမ်မှုများကိုလည်း အဖြေရှာ၍ ဖြေရှင်းပေးကြရမည်ဖြစ်ကြောင်းလည်း နိုင်ငံတော်သမ္မတက မှာကြားသည်။

◾ ပညာတတ် လူသားအရင်းအမြစ်များဖြင့်သာလျင် ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်တစ်ရပ်ကို တည်ဆောက်နိုင်မည်
အလားတူ ပညာတတ် လူသားအရင်းအမြစ်များဖြင့်သာလျင် ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်တစ်ရပ်ကို တည်ဆောက်နိုင်မည်ဖြစ်သဖြင့် မိမိတို့အနေဖြင့် နိုင်ငံ၏အနာဂတ်ကို စဉ်းစားဆောင်ရွက်ရာတွင် ရေရှည်အကျိုးစီးပွားအတွက်ကိုကြည့်၍ စနစ်တကျဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ စီးပွားရေးနှင့်ပတ်သက်သည့် ပညာတတ် လူသားအရင်းအမြစ်များ များစွာပေါ်ထွက်လာစေရေးအတွက်လည်း မိမိတို့အနေဖြင့် စီးပွားရေးပညာရပ်ကိုအားပေးဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံသား ၉၂ ဒသမ ၁ ရာခိုင်နှုန်းသည် အခြေခံအရေးအဖတ်အတွက်ရရှိပြီးသူများဖြစ်ပြီး တွက်ချက်နိုင်မှုနှင့်ပတ်သက်၍ ကောင်းမွန်ပြီးသားသူများဖြစ်သည်ကိုတွေ့ရကြောင်း၊ စီးပွားရေးကောင်းမွန်စေရေးအတွက် တွက်ချက်ဆောင်ရွက်၍ရသည်များရှိကြောင်း၊ နိုင်ငံ့ပညာရေးအားကောင်းမှုမှတဆင့် အရည်အသွေးမြင့်လုပ်သားအင်အားလူ့စွမ်းအား အရင်းအမြစ်ကို မွေးထုတ်ပေးနိုင်မည်ဖြစ်ပြီး ထိုမှတဆင့် ထုတ်လုပ်မှုစွမ်းရည်မြင့်မားလာမည်ဖြစ်သည့်အတွက် ပို့ကုန်ကဏ္ဍနှင့် နိုင်ငံ၏ဂျီဒီပီကိုလည်း တိုးတက်လာစေ မည်ဖြစ်ကြောင်း၊ ပညာရေးအဆင့်မြင့်မားခြင်းသည် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးယှဉ်ပြိုင်နိုင်စွမ်းကို တိုက်ရိုက်အကျိုးပြုပြီး ဖွံ့ဖြိုးတိုးတက်မှုအထိပါ သက်ရောက်မှုအား ကြီးမားသည့်အတွက် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးပညာရေးကို အားပေးဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ်တွင်ကောက်ယူခဲ့သည့် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ မိမိတို့နိုင်ငံတွင် အသက်၂၅ နှစ်အထက် အလယ်တန်းပညာပြီးဆုံးသူ ၈ သန်းခန့်ရှိပြီး ၎င်းတို့အနက်အလုပ်လုပ်နိုင်သူများအတွက် အလုပ်အကိုင်ရရှိနိုင်ရေး၊ လူမှန်နေရာ မှန်အကျိုးရှိရှိအသုံးချနိုင်ရေးတို့အတွက် အစိုးရဝန်ကြီးဌာနများက အသက်မွေး ဝမ်းကြောင်းပညာရပ်ဆိုင်ရာ သင်တန်းများ ဖွင့်လှစ်သင်ကြားပေးသွားရန်လိုကြောင်းလည်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
ထို့ပြင် အမျိုးသမီးများ၏ အခန်းကဏ္ဍကိုလည်း မြှင့်တင်ဆောင်ရွက်သွားနိုင်ရန်လိုပြီး နိုင်ငံတော်အတွက် လိုအပ်သည့်ကုန်ထုတ်လုပ်ငန်းများတွင် ပါဝင်လုပ်ကိုင် နိုင်ရေးစီမံဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်မည်ဆိုပါက အမျိုးသမီးများ၏ စွမ်းဆောင်နိုင်မှုအားများလည်း ရရှိလာနိုင်မည်ဖြစ်ပြီး နိုင်ငံတော်အတွက် များစွာအကျိုးဖြစ်ထွန်းမည်ဖြစ်ကြောင်း၊ အလုပ်လုပ်ကိုင်နိုင်စွမ်းရှိသည့် လူလတ်ပိုင်း အရွယ်များ၏အားကို နိုင်ငံ့ကုန်ထုတ်လုပ်ငန်းများတွင် မှန်မှန်ကန်ကန်နှင့် အကျိုးရှိရှိ အသုံးချနိုင်ရေး စီမံဆောင်ရွက်ပေးသွားကြရမည်ဖြစ်ကြောင်းလည်း ဆက်လက် မှာကြားသည်။
ထို့အတူ စီးပွားရေးနှင့်ပတ်သက်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ကုန်ထုတ် လုပ်မှုများတိုးတက်စေရေး တွန်းအားပေးဆောင်ရွက်လျက်ရှိသော်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ထိုက်သင့်သည့်တိုးတက်မှုများရရှိရန် လိုအပ်နေဆဲဖြစ်သည်ကို တွေ့ရှိရကြောင်း၊ မွေးမြူရေးလုပ်ငန်းများအတွက် လိုအပ်သည့်တိရစ္ဆာန်အစာများကို စိုက်ပျိုးရေးလုပ်ငန်းများမှထွက်ရှိသည့် ထွက်ကုန်များ၊ စွန့်ပစ်ပစ္စည်းများဖြင့် ဆောင်ရွက်နိုင်သော်လည်း မွေးမြူရေးလုပ်ငန်းများတိုးတက်မှုအားနည်းနေဆဲဖြစ်သဖြင့် ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများတိုးတက်စေရေးအတွက် နိုင်ငံတော်မှလည်း လိုအပ်သည့်ရင်းနှီး မတည်ချေးငွေများကို ထုတ်ပေးလျက်ရှိကြောင်း၊ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ တိုး တက်ရရှိမှသာလျင် ပြည်တွင်းစားသုံးမှုကိုဖူလုံစေမည်ဖြစ်ပြီး ကုန်ဈေးနှုန်းကြီးမြင့်မှုများကိုလည်း လျှော့ချပေးနိုင်မည်ဖြစ်ကြောင်း၊ ပြည်တွင်းဖူလုံမှုရရှိအောင်ဆောင်ရွက်ပြီးပါက ပြည်ပသို့တင်ပို့ရောင်းချနိုင်မည့် ဈေးကွက်လိုအပ်ချက်ကြီးမားသည့် အိမ်နီးချင်းနိုင်ငံများနှင့် ဒေသတွင်း နိုင်ငံများအများအပြားရှိပြီးဖြစ်ကြောင်း၊ ဈေးကွက်ရရှိရေးနှင့် ဈေးကွက်လိုအပ်ချက်ပြည့်မီအောင်ထုတ်လုပ်တင်ပို့နိုင်ရေး စနစ်တကျဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်းလည်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများနှင့်စပ်လျဉ်း၍ နယ်စပ်ကုန်သွယ်မှုများတွင် အချို့သောနယ်စပ်ဒေသများ၌ တရားမဝင်ကုန်သွယ်မှုများ ဖြစ်ပေါ်လျက်ရှိသဖြင့် တရားမဝင်လမ်းကြောင်းများမှ ကုန်သွယ်မှုများမရှိစေရေး မိမိတို့အနေဖြင့် ကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်း၊ နယ်စပ်ကုန်သွယ်မှုများသည် ရာနှုန်းပြည့် အားကိုး၍မရကြောင်း၊ တရားမဝင်ကုန်သွယ်မှုများကြောင့် နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့် အခွန်အခများမရရှိသည့်အပြင် နိုင်ငံသားများအနေဖြင့်လည်း အရည်အသွေးပြည့်မီမှုမရှိသည့်၊ အာမခံချက်မရှိသည့် ပစ္စည်းများကို သုံးစွဲကြရနိုင်ကြောင်း၊ ထို့အပြင် တရားမဝင်လမ်းကြောင်းများရှိ လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူများကို ငွေကြေးပေး၍ သွားလာသယ်ဆောင်နေကြသည်ဖြစ်သည့်အတွက် သူခိုးဓားရိုးကမ်းသကဲ့သို့ဖြစ်နေပြီး ရရှိသည့်ငွေကြေးများဖြင့် ၎င်းတို့၏အင်အားများကို တိုးချဲ့တည်ဆောက်နေနိုင်ကြခြင်းသည် ငြိမ်းချမ်းရေးဖော်ဆောင်မှုကိုလည်း အဟန့်အတားဖြစ်စေနိုင်ကြောင်း၊ သို့ဖြစ်၍ တရားမဝင်ကုန်သွယ်မှုများ မဖြစ်ပေါ်စေရေး သက်ဆိုင်ရာနယ်မြေ ဒေသများအလိုက် စနစ်တကျဖြင့် ဖော်ထုတ်တားဆီး ထိန်းသိမ်းဆောင်ရွက်သွားကြရန်လိုပြီး မိမိတို့နိုင်ငံ၏အချုပ်အခြာအာဏာဖြင့် မိမိတို့နိုင်ငံ၏ အမျိုးသားအကျိုး စီးပွားကိုခိုင်ခိုင်မာမာ ကာကွယ်ဆောင်ရွက်ကြရန်လိုကြောင်း၊ ပုံမှန်ကုန်သွယ်မှုများမှတစ်ဆင့် မိမိတို့နိုင်ငံမှ ထုတ်ကုန်များကို တင်ပို့ရောင်းချနိုင်သည့် ဈေးကွက်သစ်များ ရှာဖွေဆောင်ရွက်သွားကြရန်လိုသကဲ့သို့ နယ်စပ်ကုန်သွယ်ရေးနှင့်ပတ်သက်၍လည်း တရားဝင်လမ်းကြောင်းများမှသာလျင် ဆောင်ရွက်ကြရန်လိုကြောင်း၊ နယ်မြေတည်ငြိမ် အေးချမ်းရေး၊ တရားမဝင်ကုန်သွယ်မှုများ တိုက်ဖျက်ရေးတို့အတွက် ကြပ်မတ်ဆောင်ရွက်သွားရန်နှင့် စိစစ်ဖော်ထုတ်သွားရန် တာဝန်ရှိသည့်အဖွဲ့အစည်းများအနေဖြင့်လည်း ပြည်သူများလုံခြုံစိတ်ချစွာဖြင့် နေထိုင်လုပ်ကိုင်စားသောက်နိုင်ရေး မိမိတို့ကဏ္ဍအလိုက်ကျေပွန်အောင် ဆောင်ရွက်သွားရန်လိုကြောင်းလည်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က မှာကြားခဲ့သည်။
