





သက်တံ့
၂၈. ၁၀. ၂၀၂၆
လူ ရှစ်ဦးအထိ သေဆုံးခဲ့ရသော နယူးမန္တလာထွန်း ခရီးသည်တင် ယာဥ်တိုက်မှုအတွက် ရန်ကုန် – ပြင်ဦးလွင်ခရီးစဥ် ယာယီပိတ်သိမ်းခံထားရကြောင်းနှင့် သေဆုံးဒဏ်ရာရသူများအား ဝမ်းနည်းကြေကွဲစွာ အလေးအနက်တောင်းပန်ပါကြောင်း နယူးမန္တလာထွန်းခရီးသည်ပို့ဆောင်ရေးက ယနေ့ ထုတ်ပြန်လာသည်။
ရန်ကုန်တိုင်းဒေသကြီးအခြေပြု နယူးမန္တလာထွန်းခရီးသည်ပို့ဆောင်ရေး၏ခရီးစဉ်များအနက် ပြင်ဦးလွင်-ရန်ကုန် ခရီးစဉ်၏ အောက်တိုဘာ ၂၄ ရက်နေ့ထွက်ခွာသောယာဉ်မှာ ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်တွင်ယာဉ်ပေါ်ပါခရီးသည်များအနက် ခရီးသည် ငါးဦး အပါ စုစုပေါင်း ရှစ်ဦးအသက်ဆုံးရှုံးခဲ့ရသည်။ အစားထိုးမရသောအသက်ဆုံးရှုံးမှုများအတွက် မိသားစုဝင်များနှင့်ထပ်တူထပ်မျှဝမ်းနည်းကြေကွဲရပါသည်ဟု ထုတ်ပြန်ချက်က ဖော်ပြသည်။
ထို့အပြင် ထိခိုက်ဒဏ်ရာရရှိသောခရီးသည်များကိုလည်း ပြင်ဦးလွင်ဆေးရုံ မန္တလေးဆေးရုံကြီးနှင့် မန္တလေး ကလေးဆေးရုံတို့တွင် ဆက်လက်ကုသမှုများပြုလုပ်ပေးလျက်ရှိကြောင်း၊ ထိခိုက်ဒဏ်ရာရရှိခဲ့သောခရီးသွားမိဘပြည်သူများနှင့် မိသားစုဝင်များကိုလည်းအလေးအနက်တောင်းပန်အပ်ပါကြောင်း၊ ဖြစ်စဉ်တစ်လျှောက် ယာဉ်လိုင်း၏တာဝန်ရှိသူများ၊ မန္တလေးဂိတ်၊ တောင်ကြီးဂိတ်၊ မုံရွာဂိတ်၊ စစ်ကိုင်းဂိတ်၊ ပြင်ဦးလွင်ဂိတ်၊ ရန်ကုန်ဂိတ်ဝန်ထမ်းများနှင့် ယာဉ်ဝန်ထမ်းများမှ အနီးကပ်တာဝန်ယူဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နယူးမန္တလာထွန်းယာဉ်လိုင်း၏ ခရီးစဉ်များအနက် မတော်တဆမှုဖြစ်ပွားသော ရန်ကုန် ပြင်ဦးလွင် ခရီးစဉ်ကိုလည်း သက်ဆိုင်ရာမှ ပြေးဆွဲခွင့် ယာယီပိတ်သိမ်းခဲ့ပြီးဖြစ်ကြောင်း၊ နယူးမန္တလာထွန်းယာဉ်လိုင်းမှ အသက်ဆုံးရှုံးခဲ့သောခရီးသည်များနှင့် ထိခိုက်ဒဏ်ရာရရှိသောခရီးသည်များအတွက် အာမခံကိစ္စရပ်များနှင့် လိုအပ်သောကုသမှုများ ဆက်လက်ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ယခုဖြစ်စဉ်အတွက် ခရီးသွားမိဘပြည်သူများကို နယူးမန္တလာထွန်းခရီးသည်ပို့ဆောင်ရေးမှ အလေးအနက်ထပ်မံတောင်းပန်အပ်ပါကြောင်း ဖော်ပြခဲ့သည်။
ပြီးခဲ့သည့် အောက်တိုဘာ ၂၄ ရက်ကဖြစ်ပွားခဲ့သည့် အဆိုပါယာဥ်တိုက်မှုဖြစ်စဥ်သည် ဘရိတ်ပေါက်လာသော နယူးမန္တလာထွန်းယာဥ်နှင့် ချိုလွင်မန်းယာဥ်လိုင်းမှ Nissan Wingroad AD Van တို့ တိုက်မိကာ နယူးမန္တလာထွန်းယာဥ်မှာ ပေ ၃၀၀ ခန့်နက်သော ချောက်ထဲပြုတ်ကျပြီး ယာဥ်အသီးသီးမှ ယာဥ်မောင်းနှစ်ဦးနှင့် ခရီးသည်လေးဦး စုစုပေါင်း ခြောက်ဦးသေဆုံးခဲ့ကာ ၂၅ ဦးခန့် ဒဏ်ရာရခဲ့ရာမှ လက်ရှိတွင် သေဆုံးသူ ရှစ်ဦးအထိ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။
