သက်တံ့
၂၉. ၁၀. ၂၀၂၆
အီရတ်နိုင်ငံတွင် အလုပ်လုပ်ကိုင်ရာ အထပ်မြင့်အဆောက်အအုံ ၁၄ လွှာအမြင့်မှ ပြုတ်ကျသေဆုံးခဲ့ရသည့် မြန်မာအမျိုးသမီးငယ်အတွက် အမှုမှန်ပေါ်ပေါက်ရေး ကြိုးပမ်းပေးနေကြောင်း ကူဝိတ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက သတင်းထုတ်ပြန်သည်။
အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့ Nasim City အိမ်ရာဝင်းအတွင်းရှိ အဆောက်အဦ (၁၄)လွှာမှ မြန်မာနိုင်ငံသား မမေဇင်ထွန်း ပြုတ်ကျသေဆုံးခဲ့မှုသတင်းဖြစ်စဉ်နှင့်စပ်လျဉ်း၍ မြန်မာသံရုံး၊ ကူဝိတ်မြို့အနေဖြင့် ကူဝိတ်မြို့ရှိ အီရတ်သံရုံးမှတစ်ဆင့် အီရတ်နိုင်ငံခြားရေး ဝန်ကြီးဌာနသို့ ဆက်သွယ်လျက် တရားဥပဒေနှင့်အညီ အမှုမှန်ပေါ်ပေါက်ရေးနှင့် လိုအပ်သည့် ကူညီပံ့ပိုးမှုများရရှိရန် ညှိနှိုင်းမေတ္တာရပ်ခံထားကြောင်းနှင့် ကွယ်လွန်သူ၏ မိသားစုနှင့်လည်း တိုက်ရိုက်ဆက်သွယ်ဆောင်ရွက်ပေးလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် အသိပေးထားသည်။
ထို့အပြင် မြန်မာသံရုံး၊ ကူဝိတ်မြို့အနေဖြင့် အီရတ်နိုင်ငံအား ပူးတွဲတာဝန်ယူဆောင်ရွက်လျက်ရှိရာတွင် မြန်မာနိုင်ငံနှင့် အီရတ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုကို ထိန်းသိမ်းလျက် အီရတ်နိုင်ငံရောက် မြန်မာနိုင်ငံသားများ၏ အကျိုးစီးပွားကာကွယ်စောင့်ရှောက်နိုင်ရေး ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် အီရတ်နိုင်ငံရှိ မြန်မာနိုင်ငံသားများအနေဖြင့် မြန်မာသံရုံး၊ ကူဝိတ်မြို့သို့ Email: [email protected] နှင့် ဖုန်းနံပါတ် (+)96565840789, (+) 965 60395031 မှတစ်ဆင့် ဆက်သွယ်နိုင်ကြောင်းလည်း သိရသည်။
ဒေသတွင်းသတင်းဌာနဖြစ်သည့် Shafaq News နှင့် မမေဇင်ထွန်းဖြစ်စဥ်အပေါ် လူမှုကွန်ရက်၌ ဖော်ပြချက်များအရ အသက် ၁၉ နှစ်အရွယ် ကရင်တိုင်းရင်းသူ မမေဇင်ထွန်းမှာ အောက်တိုဘာ ၂၇ ရက်က ၁၄ လွှာအမြင့်မှ ပြုတ်ကျသေဆုံးသွားခဲ့ကြောင်း၊ မသေဆုံးမီ အိမ်ရှင်နှင့် ပြဿနာဖြစ်ခဲ့၍ အေးဂျင့်စီ အကူအညီတောင်းခံခဲ့ကြောင်း၊ မမေဇင်ထွန်း ပြုတ်ကျသေဆုံးမှုဖြစ်စဥ်နှင့် စပ်လျဥ်း၍ အီရတ်အာဏာပိုင်များက လူနှစ်ဦးကို ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသော်လည်း အသေးစိတ်ဖြစ်စဥ်များ ထုတ်ပြန်လာခြင်းမရှိသေးပေ။
