နေမိုး
၂၉. ၁၀. ၂၀၂၆
အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူ သွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများနှင့် လူနေအိမ်များအား ဖောက်ခွဲရေးပစ္စည်းကိရိယာများအသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်းများကို ပြုလုပ်လျက်ရှိရာ ယခုလည်း မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၌ PDF များက လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူတစ်ဦး သေဆုံးကာ တစ်ဦး ထိခိုက်ဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့ပြန်သည်။

NUG ဩဇာခံ PDF များ၏ ကျူးလွန်မှုဖြစ်စဥ်မှာ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာ ၂၆ ရက် နံနက် ၁၁ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်ရှိ “မျိုးအောင်” စက်ဘီး ရောင်းဝယ်ရေးဆိုင်သို့ ဆိုင်ကယ်မောင်းနှင်လာသည့် PDF နှစ်ဦးက လက်ပစ်ဗုံး တစ်လုံးဖြင့် ပစ်ပေါက်ထွက်ပြေးသွားခဲ့သဖြင့် ဆိုင်ရှေ့၌ ကျရောက်ပေါက်ကွဲခဲ့ပြီး အဆိုပါနေရာအနီး ရှိနေသူများဖြစ်ကြသည့် ဒေါ်ချိုတီ(၈၅)နှစ်နှင့် ဦးဇော်မိုး(၅၃)နှစ်တို့တွင် ဗုံးပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိခဲ့၍ မလှိုင်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသပေးနေစဉ် ဒေါ်ချိုတီမှာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။
