
MT News
၂၉. ၁၀. ၂၀၂၆
နေပြည်တော်ကောင်စီနှင့် မြန်မာအာကာသအေဂျင်စီတို့က ကြီးမှူး၍ “အခြေခံပညာအဆင့် အာကာသဆိုင်ရာ ပန်းချီ/ ကာတွန်း/ ပိုစတာပြိုင်ပွဲ” ကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၁ (MICC-1) ၌ နိုဝင်ဘာ ၁ဝ ရက်မှ ၁၂ ရက်အထိ သုံးရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲကို အခြေခံပညာ မူလတန်းအဆင့်အတွက် အာကာသအိပ်မက်၊ အခြေခံပညာ အလယ်တန်းအဆင့်အတွက် လူသားနှင့် အနာဂတ်အာကာသ၊ အခြေခံပညာ အထက်တန်းအဆင့်အတွက် အသုံးချလေ့လာ အာကာသနည်းပညာ စသည့် ခေါင်းစဉ်များဖြင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
အဆိုပါပြိုင်ပွဲကို အနာဂတ်မျိုးဆက်သစ် လူငယ်မောင်မယ်များ၊ အာကာသသိပ္ပံနှင့် နည်းပညာများကို စိတ်ဝင်စားပြီး အနုပညာမှတစ်ဆင့် သိပ္ပံဆိုင်ရာစိတ်ကူး၊ စိတ်သန်းများ ဖော်ထုတ်ပြသနိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး ပြိုင်ပွဲအမျိုးအစားအားလုံးအတွက် သိပ္ပံဆိုင်ရာ စိတ်ကူးစိတ်သန်း တီထွင်ဖန်တီးမှု အနုပညာလက်ရာနှင့် ကျွမ်းကျင်မှု၊ ရုပ်ပုံဖွဲ့စည်းမှု၊ အမျိုးအစားပေးလိုသော သတင်းစကားနှင့် ထူးခြားမှု၊ မြန်မာအငွေ့အသက်နှင့် အာကာသနယ်ပယ် ဟန်ချက်ညီညီ ပေါင်းစပ်ထားရှိမှု စသည့်အချက်များအပေါ်တွင် အမှတ်ပေးသွားမည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေးကော်မတီထံမှ သိရသည်။
ပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုတံဆိပ်များ ဂုဏ်ပြုလက်မှတ်များ ချီးမြှင့်သွားမည်ဖြစ်သည့်အပြင် ပါဝင်ယှဉ်ပြိုင်သူအားလုံးကိုလည်း Certificate များ၊ အမှတ်တရ လက်ဆောင်များ ပေးအပ်သွားမည်ဖြစ်သည်။
အခြေခံပညာ မူလတန်းအဆင့် ဆုရရှိသူများအား ပထမဆု ငါးသိန်းကျပ်၊ ဒုတိယဆု လေးသိန်းကျပ်၊ တတိယဆု သုံးသိန်းကျပ်၊ အထူးဆု ၁၀ ဆုအတွက် တစ်ဆုလျှင် ငွေကျပ် နှစ်သိန်းစီဖြင့် လည်းကောင်း၊ အခြေခံပညာ အလယ်တန်းအဆင့်တွင် ပထမဆု ခုနစ်သိန်းကျပ်၊ ဒုတိယဆု ခြောက်သိန်းကျပ်၊ တတိယဆု ငါးသိန်းကျပ်၊ အထူးဆု ၁၀ ဆုအတွက် တစ်ဆုလျှင် ကျပ်သုံးသိန်းစီဖြင့် လည်းကောင်း၊ အခြေခံပညာ အထက်တန်းအဆင့် ဆုရရှိသူများအား ပထမဆု ငွေကျပ် ၁၀ သိန်း၊ ဒုတိယဆု ကိုးသိန်းကျပ်၊ တတိယဆု ရှစ်သိန်းကျပ်၊ အထူးဆု ၁၀ ဆုအတွက် တစ်ဆုလျှင် ကျပ်ငါးသိန်းစီဖြင့် လည်းကောင်း ချီးမြှင့်သွားမည်ဖြစ်သည်။
ပြိုင်ပွဲကို နိုဝင်ဘာ ၁၀ ရက်တွင် အခြေခံပညာ မူလတန်းအဆင့်၊ နိုဝင်ဘာ ၁၁ ရက်တွင် အခြေခံပညာ အလယ်တန်းအဆင့်နှင့် နိုဝင်ဘာ ၁၂ ရက်တွင် အခြေခံပညာ အထက်တန်းအဆင့်တို့မှ ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်နိုင်မည်ဖြစ်ပြီး ဆုချီးမြှင့်ပွဲကို နိုဝင်ဘာ ၁၃ ရက်တွင် ကျင်းပသွားမည်ဖြစ်သည်။
ပြိုင်ပွဲပါဝင်ယှဉ်ပြိုင်လိုသည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိတို့ သက်ဆိုင်ရာ ကျောင်းများမှတစ်ဆင့် နိုဝင်ဘာ ၄ ရက် နောက်ဆုံးထား၍ နေပြည်တော် တိုင်းပညာရေးမှူးရုံးသို့ စာရင်းပေးသွင်း လျှောက်ထားရမည် ဖြစ်ကြောင်း သိရသည်။
