



၂၉.၁၀.၂၀၂၆
Written by KL
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ တရုံကျေးရွာတွင် လူ ၇ ဦးထက်မနည်း သတ်ဖြတ်ခဲ့သော ဟိုင်းဆင်ကို အောက်တိုဘာလ ၂၈ ရက်၌ ဖမ်းဆီးရေးအဖွဲ့များက ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
“ဆင်က မုန်ယိုပြီး ရန်ပြုနေတာ။ ဒီဆင်ကြောင့် သေကြရတာ ၇ ယောက်လောက်ရှိပြီ။ ဆင်ရန်ကိုကြောက်ပြီး လူတွေက ပြေးနေကြတော့ သေဆုံးသူက ဘယ်သူတွေလဲဆိုတာ အတိအကျ သိရဖို့ခက်နေတာပါ။ အခုတော့ သေဆုံးသူတွေရဲ့ စာရင်းတွေကောက်နေတုန်းပါပဲ”ဟု ဒေသခံတစ်ဦးကပြောသည်။
အဆိုပါဖြစ်စဥ်တွင် တနိုင်းမြို့နယ် ကောင်ရာကျေးရွာနေသူ အမျိုးသားတစ်ဦး ပိုင်ဆိုင်သည့် အမြင့် ၈ ပေခန့်ရှိသော ဟိုင်းဆင် အထီးတစ်ကောင်မှာ မုန်ယိုကာ ရန်ပြုတိုက်ခိုက်နေသဖြင့် လူများစွာ အသက်ဆုံးရှုံးနေရခြင်းဖြစ်သည်။
ထိုဟိုင်းဆင်မှာ အောက်တိုဘာလ ၂၃ ရက်က စက်ဆဲချောင်းအတိုင်း ဆင်းလာပြီး ချောင်းကိုဖြတ်ကာ တရုံရွာအနီး မုန့်ညှင်းခင်းရှိ လူများကို နင်းသတ်ခဲ့ကာ တရုံရွာအနီး ဒေသအခေါ် နတ်ကျော့ကွင်းအထိ ရောက်လာသဖြင့် ဒေသခံများက သေနတ်များဖြင့် ပစ်ခတ်ကာ ခြောက်လှန့်မောင်းထုတ်ခဲ့ရသည်။
အောက်တိုဘာ၂၅ ရက် ညနေပိုင်းတွင် ယင်းဆင်မှာ လဂျားဘွမ်ကျေးရွာဘက်သို့ ရောက်ရှိလာသဖြင့် စိုက်ခင်းစောင့်သူများ၊ လယ်စောင့်သူများ ထွက်ပြေးခဲ့ကြရပြီး
အောက်တိုဘာ ၂၆ ရက်တွင် ယ တရုံကျေးရွာ၊ ရပ်ကွက်(၁)အနီးရှိ လယ်ကွင်းအတွင်း ဆင်ကိုတွေ့ရှိသဖြင့် တာဝန်ရှိသူများက ယင်းဆင်ထက် ခန္ဓာကိုယ်ကြီးမားသော ဟိုင်းဆင်များဖြင့် မျှားခေါ်၍ ဖမ်းဆီးနိုင်ရေး ဆောင်ရွက်ခဲ့သော်လည်း ဆင်မှာ ခြောက်လှန့်ခံရသဖြင့် ထွက်ပြေးသွားခဲဲ့ပြီးနောက် အောက်တိုဘာလ ၂၈ ရက်နေ့တွင် အပြီးသတ်ရှင်းလင်းနိုင်ခဲ့သဖြင့် ဒေသခံများအတွက် အသက်အန္တရာယ် စိတ်အေးရပြီဖြစ်ကြောင်း သိရသည်။
