



နေမိုး
၂၉. ၁၀. ၂၀၂၆
မွန်ပြည်နယ်၊ သထုံမြို့နယ်၌ မိသားစုသုံးဦးစီးလာသည့်ဆိုင်ကယ်ကို ခရီးသည်တင်ယာဥ်တစ်စီးက ဝင်တိုက်မိသည့် ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသမီး တစ်ဦး သေဆုံးပြီး အမျိုးသား တစ်ဦးနှင့် ကလေးငယ် တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့မှု ယမန်နေ့က ဖြစ်ပွားခဲ့ ကြောင်း သိရသည်။
ဖြစ်စဉ်မှာ အောက်တိုဘာ ၂၈ ရက် ညနေ ၃ နာရီ ၁၀ မိနစ်တွင် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မိုးကောင်းကျေးရွာ၊ ရန်ကုန် – မော်လမြိုင်ကားလမ်းမပေါ်၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သ တင်းအရ သိမ်ဆိပ်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ သထုံမြို့မှ ဘီးလင်းမြို့ဘက်သို့ မော်လမြိုင်မြို့နယ်၊ တောင်ဝိုင်းရပ်ကွက်နေ ဦးစိုးမင်းအောင်(၃၂)နှစ် မောင်းနှင်လာသည့် MON-4 2N-XXXX YUTONG အမျိုးအစား ရွှင်လန်း ခရီးသည်တင်မော်တော်ယာဉ်သည် အခင်းဖြစ်နေရာအရောက်၌ အရှိန်မထိန်းနိုင်ဘဲ လားရာတူရှေ့မှ သထုံမြို့နယ်၊ တံတားဦးကျေးရွာနေ ဦးစိုးမိုးသူ(၄၄)နှစ် မောင်းနှင်ပြီး ဒေါ်မေယုစံ(၄၂)နှစ်နှင့် မနန်းအိမ်သူချစ်စံ(၅)နှစ်(၆)လတို့ မိသားစုသုံးဦး လိုက်ပါလာသည့် MON-61W-XXXXX HONDA WAVE 125 အမျိုးအစား မော်တော်ဆိုင်ကယ်အား နောက်မှ ဝင်ရောက်တိုက်မိခဲ့သဖြင့် ဒေါ်မေယုစံတွင် ထိခိုက်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး ဦးစိုးမိုးသူနှင့် မနန်းအိမ်သူချစ်စံတို့တွင် ထိခိုက်ဒဏ်ရာများ အသီးသီးရရှိခဲ့ကြောင်း သိရသည်။
ထိုဖြစ်စဥ်အတွက် မော်တော်ယာဉ်အား မဆင်မခြင် ပေါ့လျော့စွာမောင်းနှင်သူ စိုးမင်းအောင် အား သိမ်ဆိပ်နယ်မြေရဲစခန်း ယာဉ်(ပ) ၁၁/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၇/၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။
Photo – U Yu Aung
