
၂၉.၁၀.၂၀၂၆
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၊ အမှတ်(၂၀)ရပ်ကွက်၊ မင်းကျော်စွာ( ၉)လမ်းရှိ နေအိမ်တစ်လုံးတွင် ဒဏ်ရာများစွာဖြင့် လေးနှစ်အရွယ် မိန်းကလေးငယ်သေဆုံးမှုမှာ ထမင်းရည်အပူလောင်ပြီး အိမ်ပေါ်မှပြုတ်ကျခဲ့သည်ကို ဆေးခန်းမပြဘဲ ထားရာမှ ခန္ဓာကိုယ်အတွင်း ပိုးဝင်ကာ သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိရသဖြင့် ကလေးကို စောင့်ရှောက်သူအား အမှုဖွင့်ထားကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။
ဖြစ်စဥ်တွင် အသက် ၄ နှစ်အရွယ် မယွန်းယွန်းမှာ အောက်တိုဘာလ ၂၄ ရက်နံနက်ပိုင်းက အိမ်တွင်ဆော့ကစားနေစဥ် ထမင်းအိုးနှင့်တိုက်မိကာ ထမင်းရည် ပူလောင်ဒဏ်ရာများရရှိခဲ့သည့်အပြင် နေအိမ်ပေါ်မှ ထပ်မံပြုတ်ကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကလေးငယ်မှာ ဒဏ်ရာများရရှိသော်လည်း ကလေးစောင့်ရှောက်သူက ဆေးဖိုးမရှိ၍ ဆေးရုံဆေးခန်းသို့ သွားရောက်မပြသနိုင်ခဲ့သဖြင့် လေးရက်အကြာအောက်တိုဘာလ ၂၇ ရက် မွန်းတည့် ၁၂ နာရီခန့်က သေဆုံးခဲ့ကြောင်း သိရသည်။
ကလေးငယ်၏ရုပ်အလောင်းကို အောက်တိုဘာလ ၂၇ ရက်နေ့က လှိုင်သာယာပြည်သူ့ဆေးရုံသို့ပို့ဆောင်စစ်ဆေးခဲ့ရာ မှုခင်းဆရာဝန်ကြီး၏ ရင်ခွဲစစ်ဆေးချက်များအရ ကလေးငယ်မှာ အပူလောင်ဒဏ်ရာများ၏ နောက်ဆက်တွဲဆိုးကျိုးဖြစ်သော ခန္ဓာကိုယ်အတွင်းပိုးဝင်ကာ သွေးဆိပ်တက်၍ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း အတည်ပြုခဲ့သည်။
သေဆုံးသူကလေး၏ ခန္ဓာကိုယ်တွင် ဦးခေါင်းငယ်ထိပ် အပူလောင်ပေါက်ပြဲဒဏ်ရာ၊ နဖူးနှင့် နားနှစ်ဖက်ညိုမဲပွန်းပဲ့ဒဏ်ရာ၊ မေးစေ့ပေါက်ပြဲဒဏ်ရာ၊ ဝမ်းဗိုက်၊ဘယ်ပေါင်၊ တင်ပါးနှင့်မိန်းမကိုယ်တို့တွင် အပူလောင်ဒဏ်ရာများအပြင် ဘယ်ညာဒူးပွန်းဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
“ကလေးလေးရဲ့ အမေက ထိုင်းမှာ အလုပ်သွားလုပ်ရင်း အဆက်အသွယ် မရတော့တာ။ ဒီကလေးကို မြဝတီကနေ ခေါ်ပြီး အစ်မတစ်ဝမ်းကွဲက စောင့်ရှောက်ပေးထားခဲ့တာပါ။ အခုလိုဖြစ်သွားတာကို လူတိုင်းက စိတ်မကောင်းဘူး”ဟု ရပ်ကွက်တွင် နေသူတစ်ဦးက ပြောသည်။
ကလေးငယ်သေဆုံးမှုကြောင့် ကလေးစောင့်ရှောက်သူ အသက် ၃၅ နှစ်အရွယ် ဒေါ်သင်းသင်းအေးကို ရာဇသတ်ကြီးပုဒ်မ ၃၀၄-ကဖြင့် လှိုင်သာယာ (အနောက်ပိုင်း)မြို့မရဲစခန်းက အမှုဖွင့်ကာ စစ်ဆေးနေကြောင်း သိရသည်။
