သက်တံ့
၃၀. ၁၀. ၂၀၂၆
ထိုင်းနိုင်ငံ၊ ချင်းရိုင်ပြည်နယ်၊ မယ်ဆိုင်ခရိုင်အတွင်းရှိ အကောက်ခွန်အရာရှိများသည် မြန်မာနိုင်ငံဘက်မှ ထိုင်းနိုင်ငံအတွင်းသို့ မောင်းနှင်ဝင်ရောက်လာသည့် ပစ်ကပ်ထရပ်ကားတစ်စီးပေါ်ပါ မွေ့ရာများနှင့် ပရိဘောဂများအတွင်း ဝှက်ယူလာခဲ့သော စိတ်ကြွဆေးပြား ၂ ဒသမ ၇၄ သန်းကို မနေ့က အောက်တိုဘာ ၂၉ ရက်တွင် ဖမ်းဆီးရမိခဲ့သည်။
ထို့အပြင် အရာရှိများသည် အီလက်ထရောနစ် စီးကရက် Vapes စက် ၄၅၈ ခုကိုလည်း သိမ်းဆည်းရမိခဲ့သည်။
ထိုဖြစ်စဉ်တွင် သတင်းပေးချက်အရ မယ်ဆိုင်နယ်စပ်စစ်ဆေးရေးဂိတ်ရှိ အကောက်ခွန်အရာရှိများသည် မြန်မာနိုင်ငံ မော်တော်ယာဉ်နံပါတ်ပါ ထရပ်ကားကို တားဆီးစစ်ဆေးခဲ့ပြီး မွေ့ရာများနှင့် ပရိဘောဂများကို အက်စ်ရေး (X-ray) စက်ဖြင့် စကင်န်ဖတ် စစ်ဆေးခဲ့ကြသည်။
အတွင်းပိုင်းတွင် သံသယဖြစ်ဖွယ်ရာ အရာဝတ္ထုများကို တွေ့ရှိရပြီးနောက် ၎င်းတို့က မွေ့ရာများနှင့် ဆိုဖာများကို ဓားဖြင့်လှီးဖြတ်စစ်ဆေးခဲ့ရာ တရားမဝင် မူးယစ်ဆေးဝါးများနှင့် Vape စက်များကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။
သိမ်းဆည်းရမိသော စိတ်ကြွဆေးပြားများ၏ ကာလပေါက်ဈေး တန်ဖိုးမှာ ဘတ် ၁၃၇ သန်းခန့် ရှိမည်ဟု ခန့်မှန်းရပြီး မြန်မာနိုင်ငံသားများဖြစ်ကြသော ထရပ်ကားမောင်းနှင်သူနှင့် ခရီးသည်အမျိုးသမီးတစ်ဦးတို့ကို စစ်ဆေးမေးမြန်းရန် ထိန်းသိမ်းထားပြီး အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
Ref: Thai PBS
