သက်တံ့
၃၀. ၁၀. ၂၀၂၆
ထိုင်းနိုင်ငံ၊ တာ့ခ်ပြည်နယ်၊ မောင်းခရိုင်ရှိ မြန်မာနယ်စပ်အနီးတွင် ယမန်နေ့က တရုတ်နိုင်ငံသား သုံးဦးကို ထိုင်းရဲတပ်ဖွဲ့က ကယ်တင်နိုင်ခဲ့ပြီး ၎င်းတို့အား ပြန်ပေးဆွဲကာ မြန်မာနိုင်ငံဘက်သို့ ခေါ်ဆောင်ကာ အွန်လိုင်းငွေကြေးလိမ်လည်မှု (Call Centre) ကျားဖြန့်လုပ်ငန်းများတွင် အဓမ္မလုပ်ကိုင်ခိုင်းစေရန် ကြံစည်သည်ဟု စွပ်စွဲခံရသူ ထိုင်းနိုင်ငံသား လေးဦးကိုလည်း ဖမ်းဆီးခဲ့သည်။
တာ့ခ်-မဲဆောက် အမြန်လမ်းမကြီးပေါ်ရှိ စစ်ဆေးရေးဂိတ်တစ်ခုတွင် တာဝန်ထမ်းဆောင်နေသော ရဲတပ်ဖွဲ့ဝင်များသည် ပုံမှန်စစ်ဆေးရန် ကားတစ်စီးကို တားဆီးရန် ကြိုးပမ်းခဲ့သော်လည်း ယာဉ်မောင်းဖြစ်သူက မောင်းနှင်ထွက်ပြေးသွားခဲ့သဖြင့် ရဲတပ်ဖွဲ့က နောက်က လိုက်လံဖမ်းဆီးခဲ့ရသည်။ ရဲတပ်ဖွဲ့က ကားကို အောင်မြင်စွာ တားဆီးနိုင်ခဲ့ပြီးနောက် အတွင်းပိုင်းကို စစ်ဆေးရာ လက်ထိတ်ခတ်ခံထားရပြီး မျက်စိကိုစည်းလျက်၊ ကြိုးတုပ်ခံထားရသည့် အမျိုးသား သုံးဦးကို တွေ့ရှိခဲ့ရသည်။ ထို့ကြောင့်
ရဲတပ်ဖွဲ့က ကားပေါ်ပါလာသည့် ယာဉ်မောင်းအပါအဝင် ထိုင်းနိုင်ငံသား လေးဦးကို ချက်ချင်း ဖမ်းဆီးခဲ့သည်။
ဆက်လက်ရှာဖွေစစ်ဆေးရာတွင် လက်ထိတ်နှစ်စုံ၊ ကပ်ခွာတိပ်ခွေ နှစ်ခွေ၊ နိုင်လွန်ကြိုးတစ်ခွေနှင့် လျှပ်စစ်ရှော့တိုက်ပစ္စည်း (Electric shock devices) နှစ်ခုကိုပါ ထပ်မံတွေ့ရှိခဲ့သည်။
ကယ်တင်ခံရသည့်အမျိုးသားသုံးဦးမှာ ထိုင်းနိုင်ငံအတွင်းသို့ တရားဝင် ဝင်ရောက်လာကြသည့် တရုတ်နိုင်ငံသားများ ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည်။ ၎င်းတို့က ထိုင်းနိုင်ငံသားများ၏ ခြိမ်းခြောက်ချုပ်နှောင်ခြင်းကို ခံခဲ့ရကြောင်း ရဲတပ်ဖွဲ့ကို ထွက်ဆိုခဲ့ကြသည်။
ထို့နောက် တရုတ်နိုင်ငံသား သုံးဦးနှင့် ပြန်ပေးဆွဲသည်ဟု စွပ်စွဲခံရသူများအားလုံးကို စစ်ဆေးမေးမြန်းရန်အတွက် မဲဆောက်ခရိုင်သို့ ခေါ်ဆောင်သွားခဲ့သည်။
လူကုန်ကူးမှုဂိုဏ်း၏ အဖွဲ့ဝင်များဟု သံသယရှိသူ ထိုင်းနိုင်ငံသား လေးဦးကို စစ်ဆေးမေးမြန်းရန်နှင့် တရုတ်နိုင်ငံသားများကို တွေ့ဆုံမေးမြန်းရန်အတွက် ဒုတိယရဲချုပ်ဖြစ်သူ ရဲဗိုလ်ချုပ်ကြီး တတ်ချိုင်း ပီတာနီလာဘွတ် (Pol. Gen. Tatchai Pitaneelaboot) သည် အဆိုပါခရိုင်သို့ ရဟတ်ယာဉ်ဖြင့် လိုက်ပါသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
Ref: Thai PBS
