၃၀.၁၀.၂၀၂၆
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု၊ အော်ရီဂွန်ပြည်နယ် အနောက်မြောက်ပိုင်းရှိ မက်မင်ဗီးလ်မြို့၊ စည်ပင်သာယာလေဆိပ်အနီး၌ အောက်တိုဘာလ ၂၉ ရက်၊ ဒေသစံတော်ချိန် မွန်ူလွဲ ၂:၁၅ နာရီခန့်တွင် ရဟတ်ယာဉ်နှစ်စင်း လေထဲ၌ တိုက်မိမှုဖြစ်ပွားခဲ့ရာ လူ သုံးဦး သေဆုံးခဲ့ပြီး အနီးနားရှိ အဝေးပြေး လမ်းမကြီးကိုလည်း ပိတ်ထားလိုက်ရကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ စုံစမ်းစစ်ဆေးရေးအဖွဲ့များက ရဟတ်ယာဉ်များ ပျက်ကျခဲ့သောလယ်ကွင်းပြင်တစ်ခုတစ်လျှောက် ပြန့်ကျဲနေသော အပျက်အစီးများကို အောက်တိုဘာလ ၂၉ ရက်တွင် ရှာဖွေစစ်ဆေးခဲ့ကြသည်။
ရမ်ဟေးလ်ခရိုင် ရဲအရာရှိ ဆမ် အယ်လီယော့က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားရာ၌ ဤမတော်တဆမှုကြောင့် တက္ကဆက်ပြည်နယ်မှ လေယာဉ်မောင်းနည်းပြ မက်ဒီး အာ့ာစ်ဘို (၂၂ နှစ်)၊ အော်ရီဂွန်ပြည်နယ်မှ လေယာဉ်မှူး တိုင်လာ စတာဒီဗန့် (၃၈ နှစ်) နှင့် ယူနိုက်တစ်ကင်းဒမ်းနိုင်ငံမှ လေယာဉ်မောင်းသင်တန်းသားတစ်ဦးတို့ သေဆုံးခဲ့ကြောင်း ပြောဆိုခဲ့သည်။

ရဟတ်ယာဉ်တစ်စင်းတွင် အာ့ာစ်ဘိုနှင့် လေယာဉ်မောင်းသင်တန်းသားတို့ လိုက်ပါလာခဲ့ပြီး အခြားရဟတ်ယာဉ်တစ်စင်းတွင်မူ တိုင်လာ စတာဒီဗန့် တစ်ဦးတည်းသာ လိုက်ပါလာခဲ့ကြောင်း ရဲအရာရှိက ဆိုသည်။
ရဟတ်ယာဉ်များသည် မက်မင်ဗီးလ်မြို့ လေဆိပ်အနီးရှိ ပုဂ္ဂလိကပိုင် လယ်ကွင်းတစ်ခုထဲသို့ ပျက်ကျခဲ့ခြင်း ဖြစ်ပြီး အနီရောင်ရဟတ်ယာဉ်မှာ အပိုင်းပိုင်းပြတ်ထွက် ပျက်စီးနေကာ အစိမ်းရောင်ရဟတ်ယာဉ်မှာမူ ဇောက်ထိုးလဲကျနေသည်ကို တွေ့ရှိရသည်။ မက်မင်ဗီးလ်မြို့သည် ပြည်နယ်အတွင်း အကြီးဆုံးမြို့ ဖြစ်သော ပို့တ်လန်း မြို့၏ အနောက်တောင်ဘက် မိုင် ၄၀ ခန့်အကွာတွင် တည်ရှိသည်။
မတော်တဆမှုဖြစ်ပွားပြီးနောက် အနီးနားရှိ အဝေးပြေးလမ်းမကြီး၊အမှတ် 233 ၏ တစ်မိုင်ခန့်ရှည်သော လမ်းအပိုင်းကို ပိတ်ထားလိုက်ကြောင်း အော်ရီဂွန်ပြည်နယ် သယ်ယူပို့ဆောင်ရေးဌာနက အောက်တိုဘာလ ၂၉ ရက် မွန်းလွဲပိုင်းတွင် ထုတ်ပြန်ခဲ့ပြီး လမ်းကို မည်သည့်အချိန်တွင် ပြန်ဖွင့်ပေးမည်ကိုမူ မပြောကြားခဲ့ပေ။

ရဲတပ်ဖွဲ့ရုံးက ပြည်သူများအနေဖြင့် ဤနေရာသို့ မလာရောက်ကြရန်နှင့် “ဤအရေးကြီးသော ဖြစ်ရပ်အတွက် ဆောင်ရွက်နေချိန်တွင် စိတ်ရှည်သည်းခံပေးကြပါရန်” တောင်းဆိုထားသည်။
ဒေသစံတော်ချိန် နေ့လယ် ၂:၁၅ နာရီခန့်တွင် ဖြစ်ပွားခဲ့သော ဤမတော်တဆမှုနှင့် ပတ်သက်၍ အမျိုးသား သယ်ယူပို့ဆောင်ရေး ဘေးကင်းလုံခြုံရေးဘုတ်အဖွဲ့ (NTSB) က ဦးဆောင်စုံစမ်း စစ်ဆေးလျက်ရှိပြီး ဖက်ဒရယ်လေကြောင်းဦးစီးဌာန NTSB (အမျိုးသား သယ်ယူပို့ဆောင်ရေး ဘေးကင်းလုံခြုံရေးဘုတ်အဖွဲ့) ၏ ပြောကြားချက်အရ ပါဝင်ပတ်သက်ခဲ့သည့် ရဟတ်ယာဉ်နှစ်စင်းမှာ လေ့ကျင့်ရေးပျံသန်းမှု ပြုလုပ်နေသည့် Robinson R-22 တစ်စင်းနှင့် ပြုပြင်ထိန်းသိမ်းရေးဆိုင်ရာ ပျံသန်းမှု ပြုလုပ်နေသည့် Airbus AS350 တစ်စင်းတို့ ဖြစ်ကြသည်။
ယင်းရဟတ်ယာဉ်များအနက် တစ်စင်းမှာ ရဟတ်ယာဉ် ပျံသန်းရေး သင်တန်းကျောင်းနှင့် ပုဂ္ဂလိက ပျံသန်းမှုများအတွက် ငှားရမ်းဝန်ဆောင်မှုပေးသည့် Jerry Trimble Helicopters ကုမ္ပဏီမှ ဖြစ်ကြောင်း ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ယနေ့မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့သော လေကြောင်းဆိုင်ရာ မတော်တဆမှုတစ်ခုတွင် ကျွန်ုပ်တို့၏ ရဟတ်ယာဉ်တစ်စင်း ပါဝင်ပတ်သက်ခဲ့ရသည့်အတွက် Jerry Trimble Helicopters အနေဖြင့် အလွန်ဝမ်းနည်းကြေကွဲရပါသည်” ဟု ကုမ္ပဏီက ပြောကြားခဲ့သလို “ဤဖြစ်ရပ်တွင် ပါဝင်ပတ်သက်သူများ၊ ၎င်းတို့၏ မိသားစုဝင်များနှင့် ဤဖြစ်ရပ်ကြောင့် ထိခိုက်ခံစားရသူ အားလုံးအတွက် ကျွန်ုပ်တို့၏ စိတ်နှလုံးသားနှင့် အတွေးများက အတူရှိနေပါသည်” ဟု ကုမ္ပဏီကဆိုခဲ့သည်။
ထို့အပြင် အဆိုပါ ဖြစ်ရပ်နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရာတွင် တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းလည်း ကုမ္ပဏီက ထပ်လောင်းပြောကြားခဲ့သည်။
ဒေသစံတော်ချိန် နေ့လယ် ၂:၁၅ နာရီခန့်တွင် ဖြစ်ပွားခဲ့သော ဤမတော်တဆမှုနှင့် ပတ်သက်၍ အမျိုးသား သယ်ယူပို့ဆောင်ရေး ဘေးကင်းလုံခြုံရေးဘုတ်အဖွဲ့ (NTSB) က ဦးဆောင်စုံစမ်းစစ်ဆေးလျက်ရှိသည်။
Ref: CNN
