၃၀.၁၀.၂၀၂၆
Written by Linn Eain
ပုဇွန်တောင်မြို့နယ်၊ သိမ်ဖြူလမ်းနှင့်ဗိုလ်ချုပ်လမ်းထောင့်ရှိ ရေတွန်းစက်အဆောက်အဦတွင် တပ်ဆင်ထားသော ကလိုရင်းဆေးခတ်သည့် Chlorine Dosing Pump အား အောက်တိုဘာ ၂၈ ရက်၊ နံနက် ၄ နာရီခန့်က ရေတွန်းစက်အဆောက်အဦ၏ တံခါးကိုဖျက်၍ ခိုးယူသွားကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)မှ သိရသည်။
အဆိုပါ Chlorine Dosing Pump ခိုးယူသွားသူများအနေဖြင့်လည်း အမြန်ဆုံးပြန်လည် အပ်နှံပေးရန်နှင့် ခိုးယူခြင်းခံရမှုဖြစ်စဉ်အား ပုဇွန်တောင်မြို့နယ်ရဲစခန်းတွင် အမှုဖွင့် အရေးယူနိုင်ရေး ဆောင်ရွက်ထားကြောင်း အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)က အသိပေးကြေညာထားသည်။


ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)အနေဖြင့် ရေတွင်ပါဝင်သည့် Bacteria များကို ဖယ်ရှားသန့်စင်ရန်အတွက် ငမိုးရိပ်ရေသန့်စင် စက်ရုံ(ညောင်နှစ်ပင်)၊ လဂွန်းပြင်ရေသန့်စင်စက်ရုံ၊ လှော်ကားရေတွန်းစက်ရုံ၊ ရေကူးရေတွန်းစက်ရုံတို့တွင် ကလိုရင်းဆေးခတ် ပိုးသတ်သည့်စနစ်ထည့်သွင်းဆောင်ရွက်လျက်ရှိပြီး မိုးရာသီကာလတွင် ဝမ်းပျက်ဝမ်းလျောရောဂါဖြစ်ပွားမှု ကြိုတင်ကာကွယ်နိုင်ရန်အတွက် မြို့နယ်များရှိ ရေပေးဝေရေး ပိုက်လိုင်းကွန်ရက်များအတွင်း ထပ်ဆင့်ကလိုရင်းဆေးခတ်ခြင်းများကိုလည်း ဆောင်ရွက်လျက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ထားရှိရာတွင် ပုဇွန်တောင်မြို့နယ်၊ သိမ်ဖြူလမ်းနှင့်ဗိုလ်ချုပ်လမ်းထောင့် ရှိ ဗိုလ်တထောင်မြို့နယ်၊ ကျောက်တံတားမြို့နယ်နှင့် ပုဇွန်တောင်မြို့နယ်များသို့ ထပ်ဆင့်ရေတွန်း ပေးဝေနေသောရေတွန်းစက်အဆောက်အဦတွင်တပ်ဆင်ထားသော ရေဖြန့်ဖြူးပေးဝေရေးပိုက်လိုင်းများအတွင်းသို့ ကလိုရင်းဆေးခတ်ခြင်းဆောင်ရွက်နေသည့် Chlorine Dosing Pump မှာ ခိုးယူခံရခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ်နေပြည်သူများအတွက် သန့်ရှင်း၍ ကျန်းမာရေးနှင့် ညီညွတ်သော သောက်သုံးရေရရှိစေရေး ရေသန့်စင်စနစ်တပ်ဆင်ဆောင်ရွက်ထားခြင်းအပေါ် ဖျက်ဆီးခိုးယူခံရမှုနှင့်ပတ်သက်၍ မြို့နယ်နေပြည်သူများအနေဖြင့် စိတ်အနှောင့်အယှက်ဖြစ်ပေါ်မူရှိကြောင်း၊ ပြည်သူများအနေဖြင့်လည်း ရေတွန်းစက်အဆောက်အဦအတွင်းတပ်ဆင်ထားသော ရေပေးဝေရေးဆိုင်ရာစက်ပစ္စည်းများနှင့် အဆောက်အဦ လုံခြုံမှုရှိစေရေးအတွက်လည်း ပူးပေါင်းကူညီဆောင်ရွက်ပေးနိုင်ကြရန် မေတ္တာရပ်ခံတင်ပြထားသည်။
ရန်ကုန်မြို့တော်နေပြည်သူများထံသို့ ရေအရင်းအမြစ်ကြီးများနှင့် ရေသန့်စင်စက်ရုံများမှ သန့်စင်ပြီးသော သောက်သုံးရေများကို ရေတွန်းစက်ကြီးများအသုံးပြု၍ ရေပို့ပိုက်မကြီးများမှ တစ်ဆင့် ရေစုကန်များသို့လည်းကောင်း၊ ထိုမှတစ်ဆင့် မြို့နယ်အတွင်းရှိ ရေဖြန့်ဖြူးရေးပိုက်လိုင်း ကွန်ရက်များအတွင်းသို့လည်းကောင်း အဆင့်ဆင့် ရေသုံးစွဲသူပြည်သူများထံသို့ စနစ်တကျပို့ဆောင် ဖြန့်ဖြူးပေးဝေလျက်ရှိကြောင်း သိရသည်။


