MT News
၃၀. ၁၀. ၂၀၂၆
အမျိုးသမီးများကို ဘီယာဆိုင်နှင့် KTV ဆိုင်များသို့ ပို့ဆောင်ကာ ပြည့်တန်ဆာအဖြစ် ခိုင်းစေပြီး ရရှိသည့်ငွေကြေးများကို ခေါင်းပုံ ဖြတ်ရယူခဲ့သူများအား လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၅ နှစ်စီ ချမှတ်ပြီး တိမ်းရှောင်တရားခံ ဖြူစင်သော်(ခ)မိုချီအား ရာဇဝတ် ကျင့်ထုံး ဥပဒေပုဒ်မ ၈၇/၈၈ အတည်ပြု ထုတ်ဆင့်ခဲ့ကြောင်း မြန်မာ နိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်နေသူများဖြစ်သည့် အမျိုးသမီး ၁၃ ဦးတို့ကို မန္တလေးတိုင်းဒေသကြီးနေသူများဖြစ်သည့် သဇင်(ခ) ရာသက်ပန်၊ ကျော်မင်းထွန်း၊ ကျော်သူလင်း (ခ) ကိုပြည့်၊ အောင်လွင်ဦးနှင့် ဝေလင်းဦး၊ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်နေ လေးလေးမြင့်(ခ)ခွန်းနှင့် ပဲခူးတိုင်းဒေသကြီးနေ ဖြူစင်သော်(ခ) မိုချီတို့က နည်းမျိုးစုံဖြင့် လိမ်လည်စည်းရုံးပြီး ၎င်းတို့နေထိုင်ရာဒေသ မှ မန္တလေးသို့ခေါ်ယူပြီး ဘီယာဆိုင်နှင့် KTV ဆိုင်များသို့ စေလွှတ်ကာ ဧည့်သည်အမျိုးသားများနှင့် ဘီယာဝိုင်းတွင် ထိုင်စေခြင်း၊ ပြင်ပသို့ လိုက်၍ အတူနေထိုင်စေခြင်း၊ အဆင်မပြေ၍ အလုပ်မလုပ်လိုကြောင်း ပြောသော်လည်း ငွေကျပ် ၁၅ သိန်းပေးမှ ပြန်လည်စေလွှတ်မည်ဟု ပြောဆိုခြင်း၊ အမျိုးသားများနှင့် ပြင်ပသို့လိုက်၍ အတူနေထိုင်က တစ်ကြိမ်လျှင် ငွေကျပ် ၂ သိန်းမှ ၂ သိန်းခွဲအထိ ပေးမည်ဟုပြောဆို ခိုင်းစေခြင်းတို့ကို စိစစ်ပေါ်ပေါက်သဖြင့် အမှတ်(၁၁) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု (မန္တလေး)မှ တရားလိုပြုလုပ်တိုင်တန်း ခဲ့ရာ ပြည်ကြီး တံခွန်မြို့နယ် စက်မှုနယ်မြေရဲစခန်း (ပ)၁၂၀/၂၀၂၅၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၈(က)/၄၄ ဖြင့် အမှု ရေးဖွင့် တရားစွဲတင်ခဲ့ကြောင်း သိရသည်။
ထို့နောက် ယခုနှစ် အောက်တိုဘာ၂၃ ရက်တွင် မဟာအောင်မြေ ခရိုင်တရားရုံးမှ ဖမ်းမိတရားခံ သဇင်(ခ)ရာသက်ပန်၊ ကျော်မင်းထွန်း၊ ကျော်သူလင်း (ခ) ကိုပြည့်၊ အောင်လွင်ဦး၊ ဝေလင်းဦးနှင့် လေးလေးမြင့် (ခ)ခွန်းတို့ ခြောက်ဦးကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့် ထောင်ဒဏ် ၁၅ နှစ်စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီး တိမ်းရှောင်တရားခံ ဖြူစင်သော်(ခ)မိုချီ အား ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၈၇/၈၈ အတည်ပြု ထုတ်ဆင့်ခဲ့ကြောင်း သိရသည်။
