၃၀.၁၀.၂၀၂၆
Written by Linn Eain
နေပြည်တော်ကောင်စီနယ်မြေအပါအဝင် ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် 5G ဆက်သွယ်ရေးနည်းပညာဝန်ဆောင်မှုများ စမ်းသပ်အသုံးပြုနိုင်ပြီဖြစ်ကြောင်း ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ သိရသည်။
နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်နှင့် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ဆက်သွယ်ရေးစခန်းများတွင် 5G ဆက်သွယ်ရေးနည်းပညာ အကောင်အထည်ဖော်နေမှု၊ ကွန်ရက်ချိတ်ဆက်ဆောင်ရွက်ထားရှိမှု၊ ဆက်သွယ်ရေးစက်ပစ္စည်းများ တပ်ဆင်အသုံးပြုနေမှုနှင့် နည်းပညာဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုတို့ကို ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသက်ဝင်းအောင်သည် အောက်တိုဘာ ၂၉ ရက်က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ယင်းနောက် မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာများမှ တာဝန်ရှိသူများက 5G ဆက်သွယ်ရေးကွန်ရက် အကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ စခန်းများ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေ၊ ကွန်ရက်လွှမ်းခြုံမှု တိုးချဲ့ဆောင်ရွက်မည့် အစီအစဉ်များနှင့် နည်းပညာဆိုင်ရာ လိုအပ်ချက်များကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
အဆိုပါ တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက 5G ဆက်သွယ်ရေးနည်းပညာသည် မြန်နှုန်းမြင့်ဒေတာ ဆက်သွယ်မှု၊ အချိန်နှင့် တစ်ပြေးညီ သတင်းအချက်အလက်ဖလှယ်မှုနှင့် ဒီဂျစ်တယ် နည်းပညာအခြေပြု ဝန်ဆောင်မှုများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် နည်းပညာတစ်ရပ် ဖြစ်ကြောင်း၊ 5G ဆက်သွယ်ရေးကွန်ရက်များ အကောင်အထည်ဖော်ရာတွင် နည်းပညာ စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်ရန်၊ ကွန်ရက်တည်ငြိမ်ကောင်းမွန်မှုနှင့် ဝန်ဆောင်မှုအရည်အသွေး ပြည့်မီစေရန်၊ ဆက်သွယ်ရေးစက်ပစ္စည်းများ၏ လုပ်ငန်းဆောင်ရွက်နိုင်မှုနှင့် ထိန်းသိမ်းပြုပြင်မှုများ ကို စနစ်တကျဆောင်ရွက်ရန် လိုအပ်ကြောင်း မှာကြားခဲ့သည်။
5G ဆက်သွယ်ရေးနည်းပညာဖွံ့ဖြိုး တိုးတက်လာခြင်းသည် ဒီဂျစ်တယ်စီးပွားရေး၊ စမတ်မြို့ပြဖွံ့ဖြိုးရေး၊ အင်တာနက်အခြေပြု ဝန်ဆောင်မှုများနှင့် နည်းပညာအသုံးချလုပ်ငန်းများ တိုးတက်လာစေရန် အထောက်အကူပြုမည်ဖြစ်သဖြင့် ဆက်သွယ်ရေးကွန်ရက်များ အရည်အသွေးပြည့်မီစွာဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်သွယ်ရေးအော်ပရေတာများ သက်ဆိုင်ရာဌာနများနှင့် မိုဘိုင်းမှ ဆောင်ရွက်သူများအနေဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
