MT News
၃၀. ၁၀. ၂၀၂၆
သဘာဝဓာတ်ငွေ့နှင့် လျှပ်စစ်ဓာတ်အား ပို့လွှတ်ဖြန့်ဖြူးမှုတွင် ပူးပေါင်းဆောင်ရွက်ရန် ဘယ်လာရုစ်က အသင့်ရှိနေသလို နျူကလီးယားဓာတ်အားပေး စက်ရုံလည်ပတ်နိုင်ရန်အတွက် ပရော်ဖက်ရှင်နယ် ကျွမ်းကျင်လုပ်သားများနှင့် အင်ဂျင်နီယာများအား လေ့ကျင့်ပေးနိုင်ရေး ဘယ်လာရုစ်သို့ On Job Training လုပ်သားများ စေလွှတ်လိုကြောင်း မြန်မာနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံတို့မှ စွမ်းအင်ဝန်ကြီးများ တွေ့ဆုံဆွေးနွေးမှုမှ သိရှိရသည်။
လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍအတွက် နှစ်နိုင်ငံ ရေးထိုးထားသည့် Roadmap ကို လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ယမန်နေ့ မွန်းလွဲပိုင်းတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် နှင့်အဖွဲ့သည် ဘယ်လာရုစ်သမ္မတနိုင်ငံ စွမ်းအင်ဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
တွေ့ဆုံစဉ် ဘယ်လာရုစ်သမ္မတနိုင်ငံ စွမ်းအင်ဝန်ကြီးက မိမိတို့နိုင်ငံတွင် နျူကလီးယားနှင့် သဘာဝဓာတ်ငွေ့ နှစ်မျိုးမှ လျှပ်စစ်ဓာတ်အား အဓိက ထုတ်လုပ်ကြောင်း၊ နျူကလီးယား ဓာတ်အားပေးစက်ရုံနှင့်စပ်လျဉ်း၍ အတွေ့အကြုံများစွာရှိကြောင်း၊ သဘာဝဓာတ်ငွေ့ကို ရုရှားနိုင်ငံမှ ဝယ်ယူသုံးစွဲနေရသဖြင့် ရှာဖွေထုတ်လုပ်ရေးပိုင်းတွင် အတွေ့အကြုံမရှိသော်လည်း သဘာဝဓာတ်ငွေ့ ပို့လွှတ်ဖြန့်ဖြူးမှုနှင့် လျှပ်စစ်ဓာတ်အား ပို့လွှတ်၊ ဖြန့်ဖြူးမှုတို့တွင် မိမိတို့အနေဖြင့် အကောင်းဆုံးသော နည်းပညာများ ရှိပြီးဖြစ်သဖြင့် လေလွင့်ဆုံးရှုံးမှု အနည်းဆုံးဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း ပြောကြားသည်။
ထို့အတူ ပြည်ထောင်စုဝန်ကြီးဦးကိုကိုလွင်က နျူကလီးယားဓာတ်အားပေး စက်ရုံလည်ပတ်နိုင်ရန်အတွက် ပရော်ဖက်ရှင်နယ် ကျွမ်းကျင်လုပ်သားများနှင့် အင်ဂျင်နီယာများအား လေ့ကျင့်ပေးနိုင်ရေးသည် အရေးကြီးကြောင်း၊ ဘယ်လာရုစ်သမ္မတနိုင်ငံ၏ ဓာတ်အားပေးစက်ရုံများသို့ On Job Training စေလွှတ်သွားလိုကြောင်း၊ မကြာမီအချိန်တွင် မြန်မာနိုင်ငံ၌ ၅၀၀ ကေဗွီဓာတ်အားလိုင်းစနစ်ကို စတင်အသုံးပြုတော့မည် ဖြစ်သည့်အတွက် ပို့လွှတ်ရေးနှင့် စောင့်ကြည့်ထိန်းသိမ်းရေး လုပ်ငန်းစဉ်များကို ပိုမိုစနစ်ကျနိုင်ရန်အတွက် ကျွမ်းကျင်သော အင်ဂျင်နီယာများကို စေလွှတ်၍ လုပ်ငန်းခွင် လက်တွေ့သင်တန်းများ သင်ကြားပေးစေလိုကြောင်း၊ မဟာဓာတ်အားလိုင်းများ အပါအဝင် ဓာတ်အားလိုင်းများနှင့် Switchyard များ ၊ Transformer များတွင် နည်းပညာဆိုင်ရာ ဓာတ်အားလေလွင့်ဆုံးရှုံးမှုများကို လျှော့ချနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားလိုကြောင်း၊ မိမိတို့ အသုံးပြုနေသည့် သက်တမ်းကြာမြင့်နေပြီဖြစ်သော High Tension ကေဘယ်ကြိုးများကို ဘယ်လာရုစ်သမ္မတနိုင်ငံမှ ထုတ်လုပ်သည့် လျှပ်ကူးမှုပိုမိုကောင်းမွန်ပြီး ကြံ့ခိုင်မှုကောင်းသည့် Composite ကေဘယ်များဖြင့် အစားထိုးလဲလှယ် အသုံးပြုသွားရန် စိတ်ဝင်စားကြောင်း၊ လျှပ်စစ်ဓာတ်အားနှင့် သဘာဝဓာတ်ငွေ့ ဆုံးရှုံးလေလွင့်မှုများ လျှော့ချနိုင်ရေးအတွက် အမြန်ဆုံး ပူးပေါင်းဆောင်ရွက်သွားလိုကြောင်း၊ ဓာတ်မြေသြဇာစက်ရုံများ၏ စွမ်းဆောင်ရည်မြင့်မားရေး၊ တိုးချဲ့တည်ဆောက်ရေး လုပ်ငန်းများကိုလည်း ပူးပေါင်းဆောင်ရွက်သွား လိုပါကြောင်း ပြောကြားပြီး လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
ဘယ်လာရုစ်နိုင်ငံသို့ ရောက်ရှိနေသော ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အောက်တိုဘာ ၂၈ ရက်နှင့် ၂၉ ရက်တို့တွင် မင့်စ်မြို့ရှိ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးကဏ္ဍတွင် အသုံးပြုသည့် ထရန်စဖော်မာများ ထုတ်လုပ်သည့်စက်ရုံ၊ သဘာဝဓာတ်ငွေ့နှင့် ဓာတ်အားဖြန့်ဖြူးသည့် ကွန်ရက်များအား Design ပြုလုပ်သည့်ဌာန၊ လျှပ်စစ်ဓာတ်အားနှင့် သဘာဝဓာတ်ငွေ့ ပို့လွှတ်၊ ဖြန့်ဖြူးနေသည့် Control Center များ၊ လျှပ်စစ်ကေဘယ်ကြိုးများ ထုတ်လုပ်သည့်လုပ်ငန်းများနှင့် ရေနံဓာတုဗေဒလုပ်ငန်းတို့ကို သွားရောက်လေ့လာ ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။
