သက်တံ့
၂၉. ၁၀. ၂၀၂၆
ပါကစ္စတန်နိုင်ငံတောင်ပိုင်းရှိ အစိုးရဆေးဘက်ဆိုင်ရာ အဆောက်အအုံတစ်ခု၏ ရပ်နားထားသော လူနာတင်ယာဉ်တစ်စီးအတွင်း အောက်ဆီဂျင်အိုး တစ်လုံး ပေါက်ကွဲခဲ့ရာ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး အပါအဝင် အနည်းဆုံး လူ ၁၀ ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် ဆေးရုံအရာရှိများက ကြာသပတေးနေ့ (အောက်တိုဘာ ၂၉ ရက်) တွင် ပြောကြားခဲ့သည်။
အဆိုပါ ပေါက်ကွဲမှုမှာ အောက်တိုဘာ ၂၈ ရက် ညအချိန်က ဆင်းဒ် (Sindh) ပြည်နယ်၊ သာပါကာ (Tharparkar) ခရိုင်၊ အခြေခံကျန်းမာရေးဌာနခွဲ (BHU Plus) ဆေးရုံရှေ့ ရပ်နားထားသော လူနာတင်ယာဉ်တစ်စီးအတွင်း အောက်ဆီဂျင်အိုး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ ဆေးရုံလူနာ အပါအဝင် အနည်းဆုံး လူ ၁၀ ဦး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ခရိုင်ရဲချုပ် အရစ်ဖ် အဇစ် (Arif Aziz) က ပြောကြားခဲ့သည်။
ခရိုင်ရဲချုပ် အရစ်ဖ် အဇစ် (Arif Aziz) နှင့် ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သေဆုံးသူများတွင် PPHI (People’s Primary Healthcare Initiative) ဆေးဝါးဖြန့်ဝေသူ (Dispenser)၊ လူနာတင်ယာဉ်မောင်း၊ ကင်းစောင့်၊ အခြားဝန်ထမ်းတစ်ဦး၊ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး၊ လူနာစောင့်များနှင့် ဆေးဘက်ဆိုင်ရာ ဝန်ထမ်းအချို့ ပါဝင်ကြောင်း သိရသည်။ ထို့ပြင် အခြေခံကျန်းမာရေးဌာနမှ သားဖွားဆရာမ နှစ်ဦးနှင့် အမျိုးသမီး လူနာစောင့်တစ်ဦးတို့လည်း ဒဏ်ရာရရှိသူများစာရင်းတွင် ပါဝင်သည်။

ထိုပေါက်ကွဲမှုမှာ လူနာများကို အခြားဆေးရုံတစ်ရုံသို့ လွှဲပြောင်းပို့ဆောင်နေစဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသန္တရရဲအရာရှိ ခါလစ် အာဘရို (Khalil Abro) က ပြောကြားခဲ့သည်။ ဆိုရှယ်မီဒီယာနှင့် ရုပ်သံလိုင်းများတွင် ပြသထားသည့် ပုံများအရ မီးတောက်များသည် တံခါးတစ်ချပ်ပွင့်နေသော မော်တော်ယာဉ်တစ်စီးကို လောင်ကျွမ်းနေသည်ကို တွေ့ရပြီး အခြားပုံတစ်ပုံတွင်မူ အဆောက်အအုံတစ်ခုအနီး ရပ်ထားသည့် ယာဉ်၏ မီးလောင်ပြီးကျန်သောကိုယ်ထည်ကို လူများ ရပ်ကြည့်နေကြသည်ကို တွေ့ရသည်။
သမ္မတရုံးမှ ထုတ်ပြန်သော ကြေညာချက်အရ ပါကစ္စတန်သမ္မတ အာဆစ်ဖ် အလီ ဇာဒါရီ (Asif Ali Zardari) က သေဆုံးမှုအတွက် ဝမ်းနည်းရကြောင်း ပြောကြားခဲ့ပြီး အကြောင်းရင်းကို ဖော်ထုတ်ရန် အမြန်ဆုံးနှင့် ပွင့်လင်းမြင်သာသော စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် တောင်းဆိုခဲ့သည်။ ထို့အပြင် အလားတူ ဖြစ်ရပ်များ ထပ်မံမဖြစ်ပွားစေရန်အတွက် လုံခြုံရေး အစီအမံများကို တိုးမြှင့်လုပ်ဆောင်ကြရန် တာဝန်ရှိသူများကို တိုက်တွန်းခဲ့ပြီး သေဆုံးသူများ၏ မိသားစုများထံ ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ခဲ့ကာ ဒဏ်ရာရရှိသူများ အမြန်ဆုံး သက်သာပျောက်ကင်းလာစေရန် ဆုတောင်းပေးခဲ့သည်။
ပြီးခဲ့သည့် ဩဂုတ်လကလည်း အစ္စလာမာဘတ်မြို့ရှိ ပါကစ္စတန် ဆေးပညာသိပ္ပံ (Pakistan Institute of Medical Sciences) ၏ မွေးကင်းစကလေးများ အခန်းတွင် အဲကွန်းပေါက်ကွဲရာမှ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ မွေးကင်းစကလေးငယ် ၁၄ ဦး သေဆုံးခဲ့သည်။ ထိုဖြစ်စဉ်မှ အသက်ကယ်တင်နိုင်ခဲ့သည့် တစ်ဦးတည်းသော ကလေးငယ်မှာလည်း ရက်သတ္တပတ်အနည်းငယ်အကြာတွင် သေဆုံးသွားခဲ့သဖြင့် သေဆုံးသူ စုစုပေါင်း ၁၅ ဦးအထိ ရှိလာခဲ့သည်။
Ref: AP & Islamabad Post
