


၃၁.၁၀.၂၀၂၆
Written by KL၊ Min Thet
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ကံသာရပ်ကွက် မြရတနာလမ်းရှိ နေအိမ်တစ်လုံးတွင် မီးပုံပျံအတွက် ယမ်းခွေပြင်ဆင်ရင်းဖြစ်ပွားခဲ့သော ပေါက်ကွဲမီးလောင်မှုကြောင့် ဆေးရုံတက်ကုသနေရသူများအနက် အောက်တိုဘာ ၃၁ ရက်၊ နံနက် ၁ နာရီခွဲခန့်အချိန် အမျိုးသားတစ်ဦး ထပ်မံသေဆုံးခဲ့သဖြင့် ပေါက်ကွဲမှုကြောင့် သေဆုံးသူမှာ သုံးဦးအထိ ရှိလာပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
ယခုထပ်မံသေဆုံးသူမှာ အသက် ၂၅ နှစ်အရွယ် ကိုဝေယံအောင်ဆိုသည့် အမျိုးသားဖြစ်ပြီး ဆေးရုံတွင် အမျိုးသားနှစ်ဦးလည်း ဆေးကုသမှုခံယူနေရဆဲ ဖြစ်သည်။
ထိုဖြစ်ရပ်မှာ အောက်တိုဘာလ ၂၄ ရက် ည ၇ နာရီ ၂၀ မိနစ်ခန့်က တောင်ကြီးမြို့၊ ကံသာရပ်ကွက်၊ မြရတနာလမ်းရှိ နေအိမ်တစ်လုံးတွင် ပုံရိပ်အဖွဲ့၏ ညမီးကြီးမီးပုံးပျံအတွက် ယမ်းခွေများပြင်ဆင်ရာမှ ပေါက်ကွဲမီးလောင်မှု ဖြစ်ပွားခဲ့ရာလာရောက်ကြည့်ရှုသူ အသက် ၁၄ နှစ်အရွယ် မောင်ဝေယံမင်းထက်မှာ နေရာတွင် သေဆုံးခဲ့ပြီး အမျိုးသားလေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့မှုဖြစ်စဥ်ဖြစ်သည်။
ဒဏ်ရာရရှိသူများမှာ တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိရာအောက်တိုဘာလ ၂၆ ရက် နံနက် ၂ နာရီခန့်က တောင်ကြီးမြို့၊ ကံသာရပ်ကွက်နေထိုင်သော အသက် ၄၀ အရွယ် အမျိုးသားတစ်ဦး ထပ်မံသေဆုံးခဲ့အပြီး ယနေ့တစ်ဦးထပ်မံသေဆုံးခြင်းဖြစ်သည်။
မီးပုံးပျံပြုလုပ်ရာမှ ပေါက်ကွဲမီးလောင်မှုကြောင့် သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရသူများအတွက် ချယ်ရီဦး Group က ကျပ်သိန်း ၁၀၀ ထောက်ပံ့ခဲ့ကြောင်း သိရသည်။
