သက်တံ့
၃၁. ၁၀. ၂၀၂၆
YBS ၈၉ နဲ့ YBS ၅၇ က ယာဥ်မောင်းနှစ်ဦး ခရီးသည်လုရင်း ရန်ကုန်မြို့လယ်မှာ ထိုးနှက်တိုက်ခိုက်တယ်ဆိုတဲ့ ရုပ်သံ လူမှုကွန်ရက်မှာ ပျံ့နှံ့လာနေတာ တွေ့ရပါတယ်။
YBS ၈၉ ဟာ ရန်ကုန်တိုင်းအစိုးရရှယ်ယာပါတဲ့ YBPC လက်အောက်ခံယာဥ်လိုင်းပါ။ သာကေတကနေ ကြည့်မြင်တိုင်ကို ပြေးဆွဲပေးတာဖြစ်ပြီး YBS ၅၇ မြို့တွင်းပတ်ကားက ရွှေရန်ကုန် (GYCT) အများပိုင်ကုမ္ပဏီကဖြစ်ပြီး ယာဥ်လိုင်းနှစ်ခုဟာ မှတ်တိုင်ဆယ်ခုလောက်ပဲ တူတာရှိပါတယ်။
ဒီဖြစ်ရပ်မှာတော့ သိမ်ကြီးစျေးမှတ်တိုင်မှာဖြစ်ခဲ့တယ်လို့ ယူဆရပြီး ရှေ့မှာရပ်နေတဲ့ YBS ၅၇ ဆီကို YBS ၈၇ က နောက်က ကပ်ရပ်ပြီး ယာဥ်မောင်းက ဆဲဆို ဆင်းလာကာ YBS ၅၇ ယာဥ်ပေါ်တက် စတင်ထိုးကြိတ်ချိန် YBS ၅၇ ယာဥ်မောင်းက ဂွလိုယူဆရတဲ့ အရာနဲ့ ရိုက်နှက်ရင်း ပြန်လည်ထိုးကြိတ်ပြီး ခဏအကြာမှာတော့ YBS ၈၉ ယာဥ်မောင်းဟာ ခေါင်းကွဲသွားတဲ့အသွင်နဲ့ ခေါင်းကို ပုဆိုးနဲ့သုတ်ပြီး ပြန်ဆင်းလာတာ တွေ့ရပါတယ်။
TikTok မှာတော့ ဒီဖြစ်စဥ်က အောက်တိုဘာ ၂၉ ရက်မနက်က ဖြစ်ပွားခဲ့တာဖြစ်ပြီး YBS ၅၇ ယာဥ်လိုင်းက တစ်လမ်းလုံး ပိတ်မောင်းကာ လူလုတင်ခဲ့တာကြောင့် YBS ၈၉ က ယာဥ်မောင်းက ဒေါသထွက်ပြီး ကားပေါ်တက်ထိုးခဲ့တာလို့ ဆိုပါတယ်။
ဒီဖြစ်စဥ်အပေါ် MT News က ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) ကို အရေးယူဆောင်ရွက်မှုအခြေအနေ ဆက်သွယ်မေးမြန်းထားပြီး ဖြေကြားလာတာ ထပ်မံဖော်ပြပေးပါမယ်။
