




၁၃.၃.၂၀၂၅
Written By MT News
ထိုင်းနိုင်ငံတွင် တရားမဝင် ဈေးရောင်းသည့် မြန်မာအလုပ်သမား ၄ ဦး အဖမ်းခံရကြောင်း ထိုင်းဒေသတွင်း သတင်းများက ဖော်ပြကြသည်။
စမွတ်ဆာခွန် အထူးစစ်ဆင်ရေးအဖွဲ့ ခရိုင်ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့က ယမန်နေ့ မတ်လ ၁၂ ရက်တွင် ထိုင်းနိုင်ငံ၊ စမွတ်ဆာခွန်ခရိုင်၊ မူယန်င်မြို့နယ်၊ ခုက်ခမ်ကျေးရွာရှိ ဈေးအတွင်း စစ်ဆေးစဉ် အထက်ပါအတိုင်း ဖမ်းမိခဲ့ခြင်း ဖြစ်သည်။
ဝင်ရောက်စစ်ဆေးစဉ် မြန်မာနိုင်ငံသား ၄ ဦးကို တရားမဝင် ဈေးရောင်းချနေသည်ကိုတွေ့ရသော ကြောင့် တရားမဝင် ဈေးရောင်းချမှုဖြင့် ဖမ်းဆီးခြင်းဖြစ်ပြီး ကုန်ပစ္စည်းများပေါ် ထိုင်းဘာသာဖြင့် မရေးထားသည့် FDA ခွင့်ပြုချက် အမှတ်တံဆိပ်မရှိသည့်အမှုဖြင့် ထိုင်းနိုင်ငံသား နှစ်ဦးကိုလည်း ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ယင်းတို့ကို စမွတ်ဆာခွန် ၊ ကော့ခမ်းမြို့မရဲစခန်းတွင် ပုဒ်မ ၀၀၁ ဖြင့် အမှုဖွင့်အရေးယူထားကြောင်းနှင့် မြန်မာ နိုင်ငံသားများနှင့်ပတ်သက်၍ နိုင်ငံခြားအလုပ်သမားများ အလုပ်ခန့်ထားမှုဆိုင်ရာ အရေးပေါ်အမိန့်စာအရ ၎င်းတို့၏အခွင့်အရေးကို ကျော်လွန်လုပ်ကိုင်သည့် အမှုဖြင့် စွဲချက်တင်ရန် ဆက်လက်တင်ပြသွား မည်ဖြစ်ကြောင်းလည်း သိရသည်။
ပြီးခဲ့သည့် မတ်လ ၉ ရက် ညနေပိုင်းကလည်း ထိုင်းနိုင်ငံ၊ စမွတ်ဆာခွန်ခရိုင်တွင် တရားမဝင် ဈေးရောင်းချမှုဖြင့် မြန်မာနိုင်ငံသား ၇ ဦးကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးအရေးယူမှုများ ပြုလုပ်ခဲ့သေးသည်။