◾️ ပြည်တွင်း/ပြည်ပ ဆရာတော်၊ သံဃာတော် ၁၂၀ ပါး၊ သီလရှင်ဆရာကြီး ၂ ပါးနှင့် လူပုဂ္ဂိုလ် ၁၀ ဦးတို့ကို သာသာနာတော်ဆိုင်ရာဘွဲ့တံဆိပ်များ ဆက်ကပ်လှူဒါန်းချီးမြှင့်





၁၃. ၃. ၂၀၂၅
Written by Nyein Kyaw
၂၀၂၅ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲအခမ်းအနားကို ယနေ့တွင် နေပြည်တော်၊ မာရဝိဇယဗုဒ္ဓဥယျာဉ်တော် ပရိဝုဏ်အတွင်းရှိ အဂ္ဂါဓိပတိသာသနာ့ ဗိမာန်တော်ကြီးအတွင်း၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(SAC) ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်ကြည်ညို၍ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ပြီး ဆွမ်းဆန်စိမ်းများနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူကြသည်။
အခမ်းအနားသို့ အထူးပင့်ဖိတ်ထားသည့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ သန်လျင်မင်းကျောင်း ဆရာတော် ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသနှင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်၊ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ် မဟာနာယက၊ ဓမ္မသမိဒ္ဓိ ကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသတို့ အမှူးပြုသည့် ၂၀၂၅ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ကော်ရော် အပူဇော်ခံတော်မူကြမည့် ပြည်တွင်း၊ ပြည်ပဆရာတော်၊ သံဃာတော်များနှင့် သီလရှင်ဆရာကြီးများ ကြွရောက်ချီးမြှင့်တော်မူကြသည်။
ထို့နောက် ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများအား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ကြရာ SAC ဥက္ကဋ္ဌက အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့ မဟာထူပါရုံစာသင်တိုက် ဆရာတော် ဘဒ္ဒန္တပညောဘာသာထံ ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များကို ဆက်ကပ်ပူဇော်သည်။
SAC ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ကျောင်းထိုင်ဘုန်းတော်ကြီးသင်တန်းကျောင်း၊ ကျောင်းအုပ်ဆရာတော် ဘဒ္ဒန္တ ကေသဝထံ ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များကို ဆက်ကပ်ပူဇော်ခဲ့ပြီး ကောင်စီအတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူ များက ဘွဲ့တံဆိပ်ရ ဆရာတော်ကြီးများထံ ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များ အသီးသီးဆက်ကပ်ပူဇော်ကြသည်။
ယင်းနောက် SAC ဥက္ကဋ္ဌ၏ ဇနီး ဒေါ်ကြူကြူလှက ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ သမိဒ္ဓေါဒယဖျာပုံ သီလရှင်စာသင်တိုက်နာယက သီလရှင်ဆရာကြီး ဒေါက်တာ ဒေါ်စန္ဒသိင်္ဂီနှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ ဇေယျသိင်္ဂီချောင် သီလရှင်စာသင်တိုက်နာယက သီလရှင်ဆရာကြီး ဒေါ်ဝိသိင်္ဂီတို့ထံ ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များ ဆက်ကပ်ပူဇော်ကြသည်။
ဆက်လက်၍ သာသနာနုဂ္ဂဟဘွဲ့တံဆိပ်များကို ချီးမြှင့်အပ်နှင်းရာ SAC ဥက္ကဋ္ဌက အဂ္ဂမဟာသီရိသုဓမ္မ မဏိဇောတဓရ ဘွဲ့ရရှိသူများဖြစ်ကြသည့် ဦးကျော်ဖေ၊ ဦးကျော်ဇေယျနှင့် ဦးဘရန်မိုင် တို့အား ဘွဲ့တံဆိပ်နှင့် အဆောင်အယောင်များ ချီးမြှင့်အပ်နှင်းခဲ့ပြီး SAC ဒုဥက္ကဋ္ဌက သီရိသုဓမ္မမဏိဇောတဓရဘွဲ့ရရှိသူ ဦးမြင့်စိုးထွန်းအား ဘွဲ့တံဆိပ်နှင့် အဆောင်အယောင်များကို ချီးမြှင့်အပ်နှင်းခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ၂၀၂၅ ခုနှစ်တွင် ပြည်တွင်း/ပြည်ပ ဆရာတော်၊ သံဃာတော် ၁၂၀ ပါး၊ သီလရှင်ဆရာကြီး ၂ ပါးနှင့် လူပုဂ္ဂိုလ် ၁၀ ဦးတို့ကို သာသာနာတော်ဆိုင်ရာဘွဲ့တံဆိပ်များ ဆက်ကပ်လှူဒါန်းချီးမြှင့်ခဲ့ပြီး ယနေ့ ကျင်းပသည့် ၂၀၂၄ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်ပူဇော်ပွဲ အခမ်းအနားတွင် အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၈ ပါး၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၅ ပါး၊ အဂ္ဂမဟာ ပဏ္ဍိတဘွဲ့ တံဆိပ်တော်ရဆရာတော်ကြီး ၂၀ ပါး၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၅၂ ပါး၊ အဂ္ဂမဟာဂန္ထ ဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၂၅ ပါး၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၁၀ ပါးနှင့် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ သီလရှင်ဆရာကြီး ၂ ပါးတို့အား ဘွဲ့တံဆိပ်တော်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်ပူဇော်ခဲ့ပြီး သာသနာနုဂ္ဂဟဘွဲ့တံ ဆိပ်ရရှိကြသည့် လူပုဂ္ဂိုလ် ၁၃ ဦးတို့ကို ဘွဲ့တံဆိပ်နှင့် အဆောင်အယောင်များကို ချီးမြှင့် အပ်နှင်းခဲ့သည်။