၂၆.၉.၂၀၂၆
Written by Linn Eain
မရမ်းကုန်းမြို့နယ် ချမ်းမြေ့ရိပ်သာကျောင်းတိုက် ချမ်းမြေ့ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဇနကာဘိဝံသ၏ အန္တိမ အဂ္ဂိဈာပန သာဓုကီဠနပူဇော်ပွဲကို စက်တင်ဘာ ၂၅ ရက်၊ နေ့လယ် ၁၂ နာရီခွဲတွင် စတင်ကျင်းပခဲ့ပြီး ညနေ ၅ နာရီခွဲတွင် ကျင်းပပြီးစီးခဲ့သည်။
နိုင်ငံတော်သြဝါဒါစရိယ၊ ရွှေကျင်နိကာယ ရတ္တညူ မဟာနာယက၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ၊ ဆဋ္ဌသင်္ဂီတိ ပါဠိပဋိဝိသောဓက၊ သကျသီဟနှင့် အစိုးရသိရီပဝရဓမ္မာစရိယ သက်တော်(၉၉)နှစ်၊ သိက္ခာဝါတော်(၇၉)ဝါရှိ ချမ်းမြေ့ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဇနကာဘိဝံသ၏ အန္တိမအဂ္ဂိဈာပန သာဓုကီဠနပူဇော်ပွဲကို သာသနာထုံးစံနှင့်အညီ ကျင်းပခဲ့ပြီး သာသနာပိုင်ဆရာတော်၊ သံဃာတော်များ၊ နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်နှင့် ပြည်ထောင်စုဝန်ကြီးများ တက်ရောက်ကြည်ညိုပူဇော်ခဲ့ကြောင်း သိရသည်။





ဦးစွာ မွန်းလွဲ၁၂ နာရီခွဲတွင် အန္တိမအဂ္ဂိဈာပန သာဓုကီဠနပူဇာအခမ်းအနား စတင်ကျင်းပရာအခမ်းအနားတွင် ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ ကြိုးစားကြပါစို့ဟူသော ချမ်းမြေ့အဓိဋ္ဌာန်နှင့် “သတ္တဝါမှန်သရွေ့တရားတွေ့ ချမ်းမြေ့သာယာရှိပါစေ” ဟူသော ချမ်းမြေ့မေတ္တာပို့ဆုတောင်း စုပေါင်းရွတ်ဆိုပူဇော်ခြင်း၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်း၊ ချမ်းမြေ့ဆရာတော်ကြီးရေးသားထားသော ဘုရား၊ တရား၊ သံဃာရှိခိုးခြင်းအကျဉ်းဖြင့် စုပေါင်းရှိခိုးခြင်း၊ သံဃာတော်များက အနိစ္စာဝတသင်္ခါရာ(၃)ဂါထာရွတ်ဆို၍ သံဝေဂဉာဏ်ပွားများခြင်း၊ နိုင်ငံခြားသားယောဂီများက အင်္ဂလိပ်ဘာသာဖြင့် စုပေါင်းရွတ်ဖတ်ပူဇော်ခြင်း၊ ဆရာတော်ကြီး၏ ဥတုဇရုပ်ကလာပ်တော်အား စိန်ကတ္တီပါလွှမ်းခြုံပူဇော်ခြင်း၊ သံဃာတော်များအား လှူဖွယ်ပစ္စည်းဆက်ကပ်လှူဒါန်းခြင်း၊ ချမ်းမြေ့ဆရာတော်ကြီး၏ ထေရုပ္ပတ္တိအကျဉ်းကို ဖတ်ကြားပူဇော်ခြင်း၊ မဟာထေရဂုဏပူဇာ သံဝေဇနိယဂါထာတို့ကို ဖတ်ကြားပူဇော်ခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က ပေးပို့သော သံဝေဂဉာဏ်ပွားကြောင်း သဝဏ်လွှာ၊ ရွှေကျင်နိကာယဗဟိုဌာန၏ သံဝေဂိယကထာ သဝဏ်လွှာ၊ သာသနာရေးဝန်ကြီးဌာနကပေးပို့သော ဝမ်းနည်း ကြောင်း သဝဏ်လွှာတို့ကို ဖတ်ကြားပူဇော်ခြင်း၊ ရွှေကျင်နိကာယာဓိပတိဥက္ကဋ္ဌ မဟာနာယက ဓမ္မသေနာပတိ သောဠသမရွှေကျင်သာသနာပိုင်၊ နိုင်ငံတော်ဩဝါဒါစရိယ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ သီတဂူဆရာတော်ဘုရားကြီးထံမှ သံဝေဂတရားနာကြား၍ ရေစက်သွန်းချအမျှပေးဝေခြင်း၊ အပြစ်ရှိက သည်းခံခွင့်လွှတ်ပါရန် ချမ်းမြေ့ဆရာတော်ဘုရားကြီးအား တောင်းပန်ကန်တော့ခြင်း၊ ချမ်းမြေ့ဆရာတော်ကြီး၏ ဥတုဇရုပ်ကလာပ်တော်ကို ကရဝိက်ဖောင်တော်ပေါ်သို့ကြွရောက်ပါရန် အဘိယာစနနိမန္တနဂါထာဖြင့် တောင်းပန်လျှောက်ထားခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။




ဆက်လက်၍ နေ့လယ် ၂ နာရီခွဲတွင်
ကရဝိက်ဖောင်တော်ပေါ်သို့ ပင့်ဆောင်ရာ၌ ဆရာတော်ဘုရားကြီး၏ ဥတုဇရုပ်ကလာပ်တော်ကို တပည့်သံဃာတော်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာတော်ကြီး၏ ဆွေတော်မျိုးတော်များနှင့် တပည့်ဒါယကာ၊ ဒါယိကာမများက ထမ်းရွက်ပင့်ဆောင်ကြသည်။
ထို့နောက် အခမ်းအနားဒုတိယပိုင်းအဖြစ် အန္တိမအဂ္ဂိဈာပန မီးသင်္ဂြိုဟ်ပူဇော်ခြင်းအစီအစဉ်ကို ညနေပိုင်းတွင် သင်္ဃန်းကျွန်းမြို့နယ် သံသုမာလမ်း သုဝဏ္ဏဘူမိ EVENT PARK တွင် ညနေ ၄ နာရီခွဲတွင် ကျင်းပခဲ့သည်။
အစီအစဉ်အရ ဆရာတော်ဘုရားကြီး၏ ဥတုဇရုပ်ကလာပ်တော်ကို ကရဝိက်ဖောင်တော်ပေါ်မှ အစီအစဉ်အတိုင်းပင့်ဆောင်၍ တပည့်သံဃာတော်များက မီးသင်္ဂြိုဟ်ပူဇော်မည့် လောင်တိုက်တော်ကို လက်ယာရစ် သုံးပတ်လှည့်လည် ပင့်ဆောင်ပူဇော်ခြင်း၊ ဆရာတော်ဘုရားကြီး၏ ဥတုဇရုပ်ကလာပ်တော်ကို အန္တိမအဂ္ဂိဈာပန မီးပူဇော်ခွင့်ပြုပါရန် တောင်းပန်လျှောက်ထားသော အဘိယာစန နိမန္တနဂါထာတော်ကို ဖတ်ကြားပူဇော်ခြင်း၊ တပည့်ကြီး(၃)ပါးတို့က စက်ခလုတ်နှိပ်၍ ဆရာတော်ကြီး ဥတုဇရုပ်ကလာပ်တော်ကို မီးပူဇော်ချိန်တွင် တပည့်သံဃာ ဒကာ ဒကာမများက အနိစ္စာဝတ သင်္ခါရာအစချီသော (၃)ဂါထာကို ရွတ်ဆိုပူဇော်၍ သံဝေဂဉာဏ်ပွားများခြင်းတို့ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့နောက် တာဝန်ရှိပုဂ္ဂိုလ်များက ဆရာတော်ကြီး၏ အရိုးဓာတ်ပြာများကို စောင့်ယူပင့်ဆောင်ခြင်းတို့ကို အစီအစဉ်အတိုင်းကျင်းပခဲ့ပြီး အရိုးဓာတ်ပြာကို စက်တင်ဘာ ၂၆ ရက်၊ နံနက် ၇ နာရီတွင် ဗိုလ်တထောင်ဆိပ်ကမ်းမှ တစ်ဆင့် ရန်ကုန်မြစ်အတွင်း ရေမျှောမည်ဖြစ်ကြောင်း သိရသည်။
