သက်တံ့
၁၀. ၁၁. ၂၀၂၆
ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင် တရားရုံးသည် Bright Future အဖွဲ့၏ ခေါင်းဆောင်ဖြစ်သူ မြန်မာရွှေ့ပြောင်းလုပ်သားအရေးလှုပ်ရှားသူ ဝီရဆန်ထောင်း(Weera Saengthong) အား မွေးစာရင်း ပယ်ဖျက်ပြီးနောက် ဖမ်းဝရမ်းထုတ်ပြန်လိုက်သည်ဟု Khaosod သတင်းဌာနက ဖော်ပြသည်။
ကန်ချနဘူရီခရိုင်၊ ဆိုင်ယို့ခ် (Sai Yok) မြို့နယ် မှတ်ပုံတင်ရုံးက ဝီရဆန်ထောင်း (ခ) ဆူရတ်ချ်ဂီရိ၏ မွေးစာရင်းကို ပယ်ဖျက်ခဲ့ပြီး ရာဇဝတ်မှုဆိုင်ရာ အစိုးရအရာရှိများထံ သတင်းအချက်အလက် အမှားများ ပေးအပ်ခဲ့သည်ဟု စွပ်စွဲကာ ရဲတပ်ဖွဲ့ထံ သက်သေအထောက်အထားများ ပေးပို့ခဲ့ပြီးနောက် တနင်္လာနေ့ (နိုဝင်ဘာ ၉ ရက်) တွင် အဆိုပါ ဖမ်းဝရမ်းကို အတည်ပြုခဲ့ခြင်းဖြစ်သည်။
ဝရမ်းထဲတွင် ဝီရဆန်ထောင်းအား ထိုင်းနိုင်ငံသားမဟုတ်သူ အပါအဝင် အခြားသူတစ်ဦးဦး သို့မဟုတ် မိမိကိုယ်တိုင်အတွက် အိမ်ထောင်စုဇယား သို့မဟုတ် အခြားသော ပြည်သူ့မှတ်ပုံတင် စာရွက်စာတမ်းများ၌ တရားမဝင် လိမ်လည်ထည့်သွင်းခြင်း၊ မဟုတ်မမှန် သက်သေအထောက်အထားများ ပြုလုပ်ခြင်း၊ အသုံးပြုခြင်း သို့မဟုတ် တင်ပြခြင်းတို့ ပြုလုပ်ခဲ့သည်ဟု စွပ်စွဲထားသည်။

အဆိုပါ စွပ်စွဲချက်သည် ထောင်ဒဏ် သုံးနှစ်ထက်ပိုသော အမြင့်ဆုံးပြစ်ဒဏ် ကျခံရနိုင်ပြီး ဝရမ်း၏ သက်တမ်းမှာ ၁၀ နှစ် ဖြစ်သည်။
တရားရုံးသည် ကန်ချနဘူရီ မြို့နယ်ရဲစခန်းမှ ဒုတိယစုံစမ်းစစ်ဆေးရေးမှူး ရဲဒုတိယဗိုလ်ချုပ် သီရဆက် ကဲမဏီ (Theerasak Kaewmanee) အား ယင်းအမှုနှင့် ပတ်သက်၍ ဝီရဆန်ထောင်းကို ဖမ်းဆီးရန် အာဏာကုန် လွှဲအပ်ထားသည်။
ဝီရဆန်ထောင်းသည် ဘင်္ဂါလီဒုက္ခသည်တစ်ဦးဖြစ်သော်လည်း ထိုင်းနိုင်ငံတွင် မွေးဖွားသည့်အထောက်အထားအတုများပြုလုပ်သည်ကို စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် ထိုသို့ မွေးစာရင်းမှတ်တမ်းပယ်ဖျက်ခံရမှု၊ ဖမ်း၀ရမ်းထုတ်ခံရမှုများကို ထိုင်းအာဏာပိုင်များဘက်က စစ်ဆေးအရေးယူခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၁ ရက်ကလည်း ဝီရဆန်ထောင်းဦးဆောင်သည့် Bright Future အဖွဲ့က လူလေးဦးတည်းဖြင့် ထိုင်းနိုင်ငံရှိ ယူအန်ရုံးရှေ့ ဆန္ဒပြနေချိန် ထိုင်းမျိုးချစ် နှုတ်ခမ်းမွှေး၏ ပြည်သူ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကော်မတီ (PDRC) အဖွဲ့က ဝီရဆန်ထောင်းကို ထိုးကြိတ် ရိုက်နှက်ကာ ဆန္ဒပြမှုကို တားမြစ်ကန့်ကွက်ခဲ့သည်။
Ref: Khaosod
