သတိုး
၁၀. ၁၁. ၂၀၂၆
မြန်မာနိုင်ငံတစ်ဝန်းရှိ အခြေခံပညာကျောင်းများတွင် ကလေးသူငယ်များ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဘေးကင်းလုံခြုံစွာ ပညာသင်ကြားနိုင်ရေးအတွက် ‘ကျောင်းတွင်းအကြမ်းဖက်မှု ကင်းစင်ရေးမူဝါဒ (Zero – Tolerance Anti-Bullying and School Safety Policy)’ တစ်ရပ်ချမှတ်အကောင်အထည်ဖော်ရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်းအဆို”ကို လွှတ်တော်ကိုယ်စားလှယ်များကဆွေးနွေးခဲ့သလို အဆိုကို လွှတ်တော်က သဘောတူသည့်အတွက် မှတ်တမ်းတင်စောင့်ကြည့်မည်ဖြစ်ကြောင်း တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန် အစည်းအဝေး ၂၅ ရက်မြောက်နေ့အစည်းအဝေးမှ သိရသည်။
အဆိုပါအစည်းအဝေးတွင် ဗဟန်းမဲဆန္ဒနယ်မှ ဒေါက်တာလှတင့် တင်သွင်းသည့် “မြန်မာနိုင်ငံတစ်ဝန်းရှိ အခြေခံပညာကျောင်းများတွင် ကလေးသူငယ်များ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဘေးကင်းလုံခြုံစွာ ပညာသင်ကြားနိုင်ရေးအတွက် ‘ကျောင်းတွင်းအကြမ်းဖက် မှု ကင်းစင်ရေးမူဝါဒ (Zero – Tolerance Anti-Bullying and School Safety Policy)’ တစ်ရပ် ချမှတ်အကောင်အထည်ဖော်ရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်းအဆိုကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
မြဝတီမဲဆန္ဒနယ်မှ ဦးခင်မောင်ချင်းက ကလေးသူငယ်တစ်ဦးသည် ကြောက်ရွံ့မှု၊ ဖိနှိပ်မှုနှင့်အနိုင်အထက်ကျင့်မှုများရှိနေသည့် ပတ်ဝန်းကျင်တွင် အရည်အသွေးပြည့်ဝသော ပညာရေးကို အပြည့်အဝရရှိနိုင်မည် မဟုတ်ပါသဖြင့် ပညာရေးအခွင့်အရေးနှင့် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးတို့ကို တစ်ပြိုင်တည်း အလေးထားဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ကျောင်းတွင်းအကြမ်းဖက်မှုများကို ဖြစ်ပွားပြီးမှ အရေးယူဆောင်ရွက်ခြင်းထက် ကြိုတင်ကာကွယ်တားဆီးရေးကို အခြေခံသည့် စနစ်ကျသော မူဝါဒတစ်ရပ် ချမှတ်ရန်လိုအပ်ပြီး ယင်းမူဝါဒတွင် အကြမ်းဖက်မှုတားမြစ်ရေး၊ တိုင်ကြားဖြေရှင်းရေး၊ ထိခိုက်နစ်နာသူများအား ကာကွယ်စောင့်ရှောက်ရေး၊ ကျူးလွန်သူများအား ဥပဒေနှင့်အညီ အရေးယူရန်နှင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရေးတို့ကို ပြည့်စုံစွာ ထည့်သွင်းသတ်မှတ်ရန်လိုအပ်ပါကြောင်း။ ကလေးသူငယ်များ၏ အခွင့်အရေးနှင့် အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရေးသည် နိုင်ငံတော်၊ မိဘအုပ်ထိန်းသူများ၊ ပညာရေးဆိုင်ရာတာဝန်ရှိသူများနှင့် လူမှုအသိုက်အဝန်းတစ်ရပ်လုံးတွင် တာဝန်ရှိသည့်အတွက် သက်ဆိုင်ရာဥပဒေများနှင့်အညီ ကလေးသူငယ်များအတွက် ဘေးကင်းလုံခြုံသည့် ပညာသင်ကြားသင်ယူမှု ပတ်ဝန်းကျင်တစ်ရပ်လုံးကို ဖန်တီးပေးရန် လိုအပ်ပါကြောင်း အဆိုကို ထောက်ခံဆွေးနွေးသည်။
ထို့အတူ ကွန်ဟိန်းမဲဆန္ဒနယ်မှ ဦးစိုင်းကျော်လှက မြန်မာနိုင်ငံရှိ ကလေးသူငယ်များ၏ အနာဂတ်နှင့် ဘေးကင်းလုံခြုံမှုအတွက် ကျောင်းတွင်းအကြမ်းဖက်မှု ကင်းစင်ရေး မူဝါဒတစ်ရပ်ကို အစိုးရအနေဖြင့် စနစ်တကျ ရေးဆွဲချမှတ်ရန် မလွဲမသွေ တိုက်တွန်းသင့်ပါကြောင်း၊ သို့ရာတွင် အဆိုပါမူဝါဒသည် ကလေးသူငယ်များအား အပြစ်ပေးရုံသက်သက်မျှသာ မဟုတ်ဘဲအသိပညာပေးခြင်း၊ ကြိုတင်ကာကွယ်ခြင်းနှင့် စိတ်ပိုင်းဆိုင်ရာ ပြုပြင်စောင့်ရှောက်ပေးခြင်းတို့ မျှတစွာ ပေါင်းစပ်ပါဝင်သည့် ခေတ်မီမူဝါဒတစ်ရပ်ဖြစ်ရန် လိုအပ်ပါကြောင်းအဆိုကို ထောက်ခံဆွေးနွေးသည်။
အလားတူ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မဲဆန္ဒနယ်မှ ဒေါက်တာ ရွှေပြည်စိုးက ကျောင်းသား ကျောင်းသူများ စိတ်ပိုင်း ဆိုင်ရာ/ ရုပ်ပိုင်းဆိုင်ရာ ဘေးကင်းလုံခြုံပြီး အေးချမ်းစွာ ပညာသင်ကြားနိုင်ရေး ရေရှည်အကျိုးစီးပွား အတွက် Bullying နှင့် ကျောင်းတွင်းအကြမ်းဖက်မှု မျိုးစုံကင်းစင်စေရေး မူဝါဒတစ်ခုခုကို သက်ဆိုင်ရာက သတ်မှတ်ထိန်းချုပ်ကာကွယ်ပေးပြီး လူ့စွမ်းအားအရင်းအမြစ်နှင့် ပညာရေးအသိုက်အဝန်းဖွံ့ဖြိုးရေးကို ရှေးရှုသင့်ပါကြောင်း အဆိုကိုထောက်ခံဆွေးနွေးသည်။
ယင်းအပြင် ကြာအင်းဆိပ်ကြီးမဲဆန္ဒနယ်မှ ဦးမြင့်ထွန်းက ကျောင်းနေအရွယ် ကလေးသူငယ်များသည် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှု အပါအဝင် ကျောင်းတွင်း အကြမ်းဖက်မှုအမျိုးမျိုးကို ရင်ဆိုင်ကြုံတွေ့နေရပြီး ကိုယ်ထိလက်ရောက် တိုက်ခိုက်ခံရခြင်း၊ ရန်ဖြစ်ခြင်း၊ နှုတ်ဖြင့် စော်ကားဆဲဆိုခြင်း၊ လှောင်ပြောင်ပြက်ရယ်ပြုခြင်း၊ အထီးကျန်အောင် သီးခြားခွဲထုတ်ခြင်း၊ ပြစ်တင်ရှုတ်ချခြင်းနှင့် အွန်လိုင်းမှတစ်ဆင့် နှောင့်ယှက်ခြင်း စသည့်ပုံစံမျိုးစုံဖြင့် ကြုံတွေ့နေရကြောင်း၊ ယင်းသို့သော အကြမ်းဖက်မှုများသည် ကျောင်းစုဝေးပွဲများ၊ ကျောင်းတွင်းလှုပ်ရှားမှုများ၊ စုပေါင်းသန့်ရှင်းရေး၊ အားကစားလှုပ်ရှားမှုများနှင့် ပွဲတော်များကျင်းပချိန်တွင် မမျှော်လင့်ဘဲဖြစ်ပွားတတ်ပြီး ကျောင်းတွင်းအကြမ်းဖက်မှုများသည် ကျောင်းအုပ်ကြီးနှင့် ဆရာ ဆရာမများ၏ကျောင်းတွင်း စီမံခန့်ခွဲမှုစနစ်နှင့် တိုက်ရိုက်အချိုးကျဆက်စပ်နေကြောင်း၊ သို့ဖြစ်ပါ၍ ကျောင်းများတွင် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို ကာကွယ်နိုင်ရန်နှင့် အပြန်အလှန် ကြင်နာတတ်သော ကျောင်းယဉ်ကျေးမှု တစ်ရပ်တည်ဆောက်နိုင်ရန်အတွက် အဆိုကိုထောက်ခံပါကြောင်း ဆွေးနွေးသည်။
အလားတူ ကော့ကရိတ် မဲဆန္ဒနယ်မှ ဒေါ်ခင်နီနီအောင်၊ မိုးညိုမဲဆန္ဒနယ်မှ ဒေါ်ဇာခြည်လွင်၊ မှော်ဘီမဲဆန္ဒနယ်မှ ဒေါက်တာနေလင်း၊ သရက်ချောင်းမဲဆန္ဒနယ်မှ ဦးရဲထွန်းဝင်း၊ မြောက်ဥက္ကလာပမဲဆန္ဒနယ်မှ ဦးနေလင်းအောင်၊ ဘားအံမဲဆန္ဒနယ်မှ ဦးသက်နိုင်ဦးနှင့် ဗိုလ်တထောင်မဲဆန္ဒနယ်မှ ဦးဉာဏ်ဝင်းထိုက်တို့က ထောက်ခံအကြံပြုဆွေးနွေးကြသည်။
ယင်းနောက် ဗဟန်းမဲဆန္ဒနယ်မှ ဒေါက်တာလှတင့် တင်သွင်းသည့် အဆိုနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းတွင်း ဘေးကင်းလုံခြုံရေးနှင့် ကလေးသူငယ်အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးကိုလက်ရှိတွင်လည်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ကျောင်းသား ကျောင်းသူများအားလုံး ဘေးကင်းလုံခြုံသည့် ပညာသင်ယူမှုပတ်ဝန်းကျင်တွင် ပညာသင်ယူနိုင်ရေးအတွက် သက်ဆိုင်ရာ ဆက်စပ်ဝန်ကြီး ဌာနများ၊ အဖွဲ့အစည်းများနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး ဆောင်ရွက်မှု ရလဒ်များကိုလည်း လုပ်ထုံးလုပ်နည်းများနှင့်အညီ လွှတ်တော်သို့ ပြန်လည်တင် ပြနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ကလေးသူငယ်များ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ဘေးကင်းလုံခြုံစွာ ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းတွင်းအကြမ်းဖက်မှုဆိုင်ရာ မူဝါဒတစ်ရပ်ကို ပညာရေးဝန်ကြီးဌာန၊ ဥပဒေရေးရာဝန်ကြီးဌာနအပါအဝင် သက်ဆိုင်ရာဝန်ကြီးဌာနများ ပေါင်းစပ်ညှိနှိုင်းပြီး ကျောင်းနေအရွယ် ကလေးသူငယ်များသာမက ကျောင်းပြင်ပသို့ ရောက်ရှိနေသော ကလေးသူငယ်များ၏ အခွင့်အရေးနှင့် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လိုအပ်ချက်များကိုပါ ထည့်သွင်းစဉ်းစား ဆောင်ရွက်ရန် လိုအပ်သည့်အတွက် လက်ရှိပြဋ္ဌာန်းထားပြီးဖြစ်သည့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ (The Child Rights Law, 2019)နှင့် ကလေးသူငယ်အခွင့်အရေး များဆိုင်ရာ နည်းဥပဒေများ(Child Rights Rules) တို့တွင် ခေတ်နှင့်အညီ လိုအပ်သည့်ပြင်ဆင် ဖြည့်စွက်မှုများ ဆက်လက်ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်းနှင့် ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းတွင်း အကြမ်းဖက်မှုကင်းစင်ရေးမူဝါဒများ ချမှတ်ဆောင်ရွက်လျက်ရှိသည့်အတွက် အဆိုအား မှတ်တမ်းထားစောင့်ကြည့်သင့်ပါကြောင်း ပြန်လည်ရှင်းလင်း ဆွေးနွေးသည်။
ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ဗဟန်းမဲဆန္ဒနယ်မှ ဒေါက်တာလှတင့် တင်သွင်းသည့် အဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ၏ အကြံပြုချက်များကို သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် အလေးအနက်ထားလေ့လာဆောင်ရွက်သွားရန် တိုက်တွန်းပါကြောင်း၊ ရှိပြီးဖြစ်သည့် ဥပဒေများနှင့်ဆက်စပ်ကာ သက်ဆိုင်ရာအဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများအားလုံး အချင်းချင်းညှိနှိုင်းပြီးကျောင်းတွင်း အကြမ်းဖက်မှုကင်းစင်ပပျောက်ရေးနှင့် ထိန်းကျောင်းရေးဆိုင်ရာမူဝါဒ Control Mechanism တစ်ရပ်ကို ချမှတ်လျက်ကနဦးအဆင့် အောင်မြင်အောင် အကောင်အထည်ဖော်ပေးရန် လုပ်ငန်းစဉ်အားလွှတ်တော်တွင် မှတ်တမ်းတင်ထားရှိမည်ဖြစ်ကြောင်း၊ တိုးတက်မှုများကိုလည်း စဉ်ဆက်မပြတ် စောင့်ကြည့်သွားမည်ဖြစ်ပြီးရလဒ်နှင့် တိုးတက်မှုများအပေါ်အခြေခံ၍ လိုအပ်သလို ဆက်လက်ဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း လွှတ်တော်၏အဆုံးအဖြတ်ရယူရာ လွှတ်တော်ကသဘောတူသည့်အတွက် အဆိုအား မှတ်တမ်းတင်စောင့်ကြည့်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
