၁၀.၁၁.၂၀၂၆
Written By Thandar
ကျက်သရေရှိရှိနဲ့ လိုက်ဖက်ညီစွာလှပနေတဲ့ ပတ္တမြားလက်ဝတ်ရတနာတွေ စီခြယ်ထားတဲ့ မင်္ဂလာဝတ်စုံဆင်ယင်ပြီး အဆိုတော်ဖြိုးလေး (ခ) ဖြိုးဝေမြင့်နဲ့ သရုပ်ဆောင် ဝါဆိုမိုးဦးတို့ရဲ့ စုလျားရစ်ပတ် ဘိသိက်မင်္ဂလာဧည့်ခံပွဲ အခမ်းအနားကို ယနေ့ နိုဝင်ဘာ ၁၀ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ ပြည်လမ်းရှိ Novotel Hotel မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။
“ချစ်သူသက်တမ်း ၁၀ နှစ်နဲ့ ၁၁ လပြည့် အမှတ်တရ လက်ထပ်ပွဲလေး ကျင်းပဖြစ်တာပါ။ ရင်ခုန်နေရတာတော့ အရမ်းပါပဲ…စိတ်ခံစားချက်က ပြောမပြတတ်အောင်ပါပဲ။ ဝါဆိုတို့အတွက် ပတ္တမြားလက်ဝတ်ရတနာ လက်ကိုင်ပန်းအစ အကုန်လုံးကို ထိပ်တန်းရွှေဘုရင်က သေချာဒီဇိုင်းတွေခတ်လုပ်ပေးထားတာပါ”လို့ သရုပ်ဆောင် ဝါဆိုမိုးဦးက ပြောပါတယ်။
အဆိုပါ မင်္ဂလာပွဲအခမ်းအနားမှာတော့ G Fatt၊ ရဲရင့်အောင်၊ သားသား၊ Ar-T၊ ရွှေသမီး၊ ရတနာဗို၊ ခြူးလေး၊ မေမြင့်မိုရ်၊ နော်ဖောအယ်ထား၊ သဥ္ဇာ စတဲ့သူတွေက သတို့သား သတို့သမီးအရံတွေအဖြစ် လုပ်ဆောင်ပေးခဲ့ကြတာဖြစ်ပါတယ်။
အနုပညာမောင်နှမတွေဖြစ်တဲ့ မြင့်မြတ်တို့စုံတွဲ၊ နေတိုးတို့စုံတွဲ၊ ကျော်ကျော်ဗိုတို့စုံတွဲ၊ နေဝင်းတို့ မိသားစု၊ စန္ဒီမြင့်လွင်တို့ဇနီးမောင်နှံ၊ ဖြိုးကြီးတို့စုံတွဲ၊ ခန့်စည်သူ၊ အောင်ရဲလင်း၊ အောင်ရေချမ်း၊ ထက်ယံတို့စုံတွဲ၊ နန်းဆုရတီစိုး၊ ဆောင်းသီရိစံ၊ စိုးမိုးကြည်၊ မေသန်းနု၊ ညီထွဋ်ခေါင်၊ စည်သူဝင်း၊ ချာလီငြိမ်း၊ ထူးအောင်၊ ထွန်း ထွန်းတို့စုံတွဲ၊ ဇော်ပိုင်တို့စုံတွဲ၊ ရေဗက္ကာဝင်း၊ အဒီရာဦး၊ ဝင့်ယမုံနိုင် စတဲ့သူတွေ တက်ရောက်ခဲ့ကြပါတယ်။
“ဝါဆိုကတော့ ဟိုငယ်ငယ်လေး ကလေးသရုပ်ဆောင်ဘဝကတည်းက ရင်းနှီးလာခဲ့တာကြတာပါ။ ကိုယ့်ရဲ့ညီမလေးဆိုလည်း ဟုတ်တယ်။ ကိုယ့်ဂျူနီယာလေးဖြစ်တော့ လာရောက်ဝန်းရံအားပေးတက် ရောက် ဖြစ်တာပါ။ ချစ်သူသက်တမ်းလည်း တော်တော်ကြာတာမို့ ပျော်ရွှင်စရာ ချစ်ခရီးလမ်းကို လျှောက်လှမ်းနိုင်ကြပါ စေလို့ဆုတောင်းပေးပါတယ်”လို့ အကယ်ဒမီ ခန့်စည်သူကပြောပါတယ်။
#ဖြိုးလေး #ဝါဆိုမိုဦး #PhyoLay #WarSoMoeOo #wedding #စုလျားရစ်ပတ်ဘိသိက်မင်္ဂလာဧည့်ခံပွဲ #CeleWedding #MTEntertainment








