၁၀.၁၁.၂၀၂၆
Translated by Htwe Ko Tun
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ နာရာယန်ဂန့်ဂျ်မြို့၊ ဖာတူလာဒေသ၊ Signboard ရပ်ကွက်တွင်တည်ရှိသော Jamia Ashrafia အစ္စလာမ်သာရေးကျောင်းတွင် နိုဝင်ဘာလ ၁၀ ရက် နံနက်အစောပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ရာ ကျောင်းသား ၆၃ ဦး ဆေးရုံတင်ထားရပြီး လေးဦးမှာ အထူးကြပ်မတ်ကုသဆောင်တွင် ရှိနေကြောင်း သိရသည်။
မီးလောင်မှုသည် ငါးထပ်အဆောက်အအုံဖြစ်သည့် အဆိုပါဘာသာရေးကျောင်း၏ ဒုတိယထပ်မှ နံနက် ၁ နာရီ ၅၅ မိနစ်ခန့်တွင် စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။ ဒဏ်ရာရသူ ကျောင်းသား အနည်းဆုံး ၆၃ ဦးမှာ မီးခိုးငွေ့များ ရှူရှိုက်မိသဖြင့် ဆေးရုံတင်ထားရပြီး ၎င်းတို့အနက် ၄ ဦးမှာ အခြေအနေ စိုးရိမ်ရကြောင်း သိရသည်။

မီးလောင်ကျွမ်းမှုကို မီးသတ်တပ်ဖွဲ့မှ ယာဉ်အုပ်စုလေးစုက နှစ်နာရီနီးပါး ကြိုးပမ်းငြှိမ်းသတ်ပြီးနောက် မီးကို ထိန်းချုပ်နိုင်ခဲ့သည်။
မီးသတ်တပ်ဖွဲ့ တာဝန်ကျအရာရှိ ရှာဂျာဟန်၏ ပြောကြားချက်အရ နံနက် ၁ နာရီ ၅၅ မိနစ်တွင် မီးလောင်မှုသတင်း ရရှိပြီးနောက် ယာဉ်အုပ်စုလေးစုကို စေလွှတ်ခဲ့ကြောင်း၊ နံနက် ၃ နာရီ ၄၄ မိနစ်တွင် မီးကို ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။ မီးသည် ငါးထပ်အဆောက်အအုံဖြစ်သည့် အဆိုပါကျောင်း၏ ဒုတိယထပ်မှ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။
ဆေးရုံတွင် ကုသမှုခံယူနေသော ကျောင်းသားများ၏ ပြောပြချက်အရ ဒုတိယထပ်တွင် စာကြည့်တိုက်တစ်ခုရှိပြီး မီးလောင်မှုကြောင့် ယင်းစာကြည့်တိုက်မှာ လုံးဝပျက်စီးသွားခဲ့သည်။
ဒဏ်ရာရခဲ့သည့် ကျောင်းသားများ၏ ပြောပြချက်ကို ကိုးကား၍ ဆရာဝန် ဆူလ်တန် မာမွတ် ဆစ်ဒါက မီးလောင်မှုမှာ ကျောင်း၏နေရာတစ်ခုတွင် လျှပ်စစ်ဝါယာရှော့ဖြစ်ပွားရာမှ စတင်ခဲ့သည်ဟု ယူဆရကြောင်း ပြောကြားခဲ့သည်။
မီးခိုးငွေ့များမှာ အဆောက်အအုံတစ်ခုလုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ရာ ကျောင်းသားများအကြား ထိတ်လန့်မှုများ ဖြစ်ပေါ်စေခဲ့သည်။ ကျောင်းသားများသည် အဆောက်အအုံအပြင်ဘက်သို့ အလုအယက် ထွက်ပြေးရန် ကြိုးပမ်းခဲ့ကြသည်။ မီးခိုးငွေ့များကြောင့် ကျောင်းသားအများအပြား၏ အသက်ရှူလမ်းကြောင်းများ ထိခိုက်ပျက်စီးခဲ့ရကြောင်းလည်း သိရသည်။
Ref: Dhaka Tribune

