ရောင်ဝါ
၉. ၁၁. ၂၀၂၆
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့၌ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာ ၇ ရက်က ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသမီးတစ်ဦး သေဆုံးပြီး အမျိုးသား နှစ်ဦး၊ အမျိုးသမီး တစ်ဦးနှင့် မိန်းကလေးငယ် တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာ ၇ ရက် မွန်းလွဲ ၃ နာရီ ၁၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့၊ ဘုရားကြီး(၃)ရပ်ကွက်၊ ရန်ကုန် – မန္တလေးလမ်းဟောင်း၊ မိုင်တိုင်အမှတ် ၄၄ မိုင် ၃ ဖာလုံနှင့် ၄ ဖာလုံကြား၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ အမှတ်(၁၁) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ ပဲခူးမြို့မှ ဘုရားကြီးမြို့ဘက်သို့ ပဲခူးမြို့နယ်၊ မြို့သစ်ရပ်ကွက်နေ ဦးဇာနည်အောင်(၄၉)နှစ် မောင်းနှင်ပြီး ဒေါ်အေမီကျော်(၄၈)နှစ်နှင့် မစံအိဖြူလင်း(၅)နှစ်တို့ လိုက်ပါလာသော YGN-13 6D-XXXX TOYOTA MARK II အမျိုးအစား မော်တော်ယာဉ်သည် အခင်းဖြစ်နေရာအရောက်၌ လမ်းလယ်ယာဉ်ကြောမှ ပဲခူးမြို့ဘက်သို့ “ဂ” ကွေ့ ပြန်ကွေ့စဉ် လားရာတူ ပဲခူးမြို့မှ ဘုရားကြီးမြို့ဘက်သို့ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်နေ ဦးဖြိုးအောင်(၃၂)နှစ် မောင်းနှင်ပြီး ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ သံတံတားရပ်ကွက်နေ ဒေါ်ရွှေဇင်ဦး(၃၃)နှစ် လိုက်ပါလာသော YGN-10 6J-XXXX TOYOTA WISH အမျိုးအစား မော်တော်ယာဉ်မှ လမ်းလယ်စည်းအား ကျော်လွန်၍ ရှေ့ယာဉ်အား ကျော်တက်ကာ မိမိယာဉ်ကြောသို့ ပြန်လည်ဝင်ရောက်စဉ် “ဂ” ကွေ့ ကွေ့နေသော TOYOTA MARK II မော်တော်ယာဉ်၏ ဝဲဘက်ကိုယ်ထည်အား ဝင်ရောက်တိုက်မိခဲ့သဖြင့် ဒေါ်အေမီကျော်တွင် ထိခိုက်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ဦးဇာနည်အောင်၊ မစံအိဖြူလင်း၊ ဦးဖြိုးအောင်နှင့် ဒေါ်ရွှေဇင်ဦးတို့တွင် ထိခိုက်ဒဏ်ရာများ အသီးသီးရရှိခဲ့ကြောင်း သိရသည်။
ထိုဖြစ်စဥ်ကြောင့် မော်တော်ယာဉ်အား မဆင်မခြင် ပေါ့လျော့စွာမောင်းနှင်သူ ဖြိုးအောင်နှင့် ဇာနည်အောင်တို့ နှစ်ဦးအား ဘုရားကြီးနယ်မြေရဲစခန်းက ယာဉ် (ပ)၂၄/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

