သက်တံ့
၂၅. ၉. ၂၀၂၆
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ နေအိမ်တစ်အိမ်၌ ဖြစ်ပွားသည့် မီးလောင်မှုကို လာရောက်ငြှိမ်းသတ်ရာတွင် မီးသတ်သမားများအား ပစ်ခတ်ခဲ့သည်ဟု စွပ်စွဲခံရသော အငြိမ်းစား ဗိုလ်ချုပ်တစ်ဦး၏ သားဖြစ်သူကို ယနေ့ (စက်တင်ဘာ ၂၅ ရက်) တွင် ၎င်း၏နေအိမ်အတွင်း သေဆုံးလျက် တွေ့ရှိခဲ့ရပြီး စုံစမ်းစစ်ဆေးသူများသည် အဆိုပါနေအိမ်အတွင်းမှ M60 စက်သေနတ် ၂ လက်၊ ခဲယမ်းမီးကျောက်များနှင့် ဖောက်ခွဲရေးပစ္စည်းဟု ယူဆရသော ပစ္စည်းများကို ရှာဖွေတွေ့ရှိခဲ့သည်။
ယနေ့ နံနက် ၉ နာရီခွဲခန့်တွင် နှစ်ထပ်အိမ်တစ်အိမ်၌ မီးလောင်မှုနှင့် သေနတ်ပစ်ခတ်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဘန်းဖလတ် (Bang Phlat) ရဲစခန်းသို့ သတင်းပေးပို့ခဲ့သည်။ မီးသတ်သမားများသည် မီးငြှိမ်းသတ်ရန် စတင်ဝင်ရောက်ခဲ့သော်လည်း အိမ်အတွင်းမှ ပစ်ခတ်မှုများရှိလာသဖြင့် ပြန်လည်ဆုတ်ခွာရန် အမိန့်ပေးခဲ့ရသည်။
ထို့နောက် ရဲတပ်ဖွဲ့ဝင်များ၊ အထူးလက်နက်စနစ်သုံး တပ်ဖွဲ့ဝင်များ၊ မှုခင်းဆေးပညာရှင်များနှင့် မပေါက်ကွဲသေးသော ဖောက်ခွဲရေးပစ္စည်းများ သိမ်းဆည်းရှင်းလင်းရေး (EOD) တပ်ဖွဲ့ဝင်များကို အခင်းဖြစ်ပွားရာသို့ ခေါ်ယူခဲ့ပြီး မီးသတ်သမားများက လုံခြုံသောနေရာမှနေ၍ မီးဆက်လက်ငြှိမ်းသတ်ခဲ့ကြသည်။

မီးငြှိမ်းသတ်ပြီးနောက် ရဲတပ်ဖွဲ့ဝင်များ အိမ်အတွင်းသို့ ဝင်ရောက်စစ်ဆေးခဲ့ရာ ဒုတိယထပ်တွင် အမျိုးသားတစ်ဦး သေဆုံးနေသည်ကို တွေ့ရှိခဲ့ရသည်။ အဆိုပါအမျိုးသားမှာ အငြိမ်းစား ဗိုလ်ချုပ် စမန်း ကဆွန်အင်း (Samarn Kasorn-in) ၏ သားဖြစ်သူ စရာဝုတ် ကဆွန်အင်း (Sarawut Kasorn-in) ဖြစ်ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုခဲ့သည်။ ၎င်းသေဆုံးရသည့် အကြောင်းအရင်းကို ဆက်လက်စုံစမ်းစစ်ဆေးနေဆဲဖြစ်သည်။
စုံစမ်းစစ်ဆေးသူများသည် အိမ်အတွင်းမှ M60 စက်သေနတ် ၂ လက်နှင့် Desert Eagle လက်ကိုင်ပစ္စတို အပါအဝင် သေနတ်မျိုးစုံနှင့် ခဲယမ်းမီးကျောက် အမြောက်အမြားကို ရှာဖွေတွေ့ရှိခဲ့သည်။ ထို့အပြင် အခြားအခန်းတစ်ခန်းအတွင်း၌ သံသယဖြစ်ဖွယ် ဖောက်ခွဲရေးပစ္စည်းများကိုပါ တွေ့ရှိခဲ့သဖြင့် EOD ကျွမ်းကျင်သူများက နယ်မြေရှင်းလင်းနေစဉ်အတွင်း ရဲတပ်ဖွဲ့ဝင်များ ခေတ္တ ပြန်လည်ဆုတ်ခွာခဲ့ရသည်။
ဗုံးရှင်းလင်းရေးတပ်ဖွဲ့နှင့် မှုခင်းဆရာဝန်များက လက်နက်များနှင့် ဖောက်ခွဲရေးပစ္စည်းများကို စစ်ဆေးနေစဉ် ရဲတပ်ဖွဲ့က ပတ်ဝန်းကျင်ဧရိယာကို ပိတ်ဆို့ထားခဲ့သည်။ စုံစမ်းစစ်ဆေးသူများသည် အဆိုပါ လက်နက်များ မည်သည့်နေရာမှ ရရှိလာသည်ဆိုသည်နှင့် တရားဝင် ပိုင်ဆိုင်ထားခြင်း ဟုတ်မဟုတ်ကို စိစစ်လျက်ရှိသည်။
ဗိုလ်ချုပ်ဟောင်း စမန်းသည် နောက်ပိုင်းတွင် အခင်းဖြစ်ပွားရာသို့ ရောက်ရှိလာပြီး အဆိုပါ လက်နက်များနှင့် ဖောက်ခွဲရေးပစ္စည်းများသည် ၎င်းနှင့် သက်ဆိုင်ခြင်းမရှိကြောင်းနှင့် သားဖြစ်သူ မည်သည့်နေရာမှ ရရှိထားသည်ကိုလည်း မသိရှိကြောင်း သတင်းထောက်များကို ပြောကြားခဲ့သည်။
ထို့အပြင် ဗိုလ်ချုပ်ဟောင်း စမန်းက မိသားစုသည် အဆိုပါနေအိမ်၌ အတူတကွ နေထိုင်ခဲ့ဖူးသော်လည်း တရားမဇာရီအရာရှိများ (Legal Execution Department) က စက်တင်ဘာ ၂၁ ရက်တွင် အိမ်၌ တရားရုံးနို့တစ်စာ လာရောက်ကပ်ထားခဲ့ပြီး မိသားစုဝင်များကို ဖယ်ရှားပေးရန် တောင်းဆိုခဲ့ကြောင်း နောက်ခံအကြောင်းအရာ များကို ဖြည့်စွက်ပြောကြားခဲ့သည်။
စမန်း၏ ပြောကြားချက်အရ သားဖြစ်သူမှာ အိမ်၌ မွေးမြူထားသည့် ကြောင်၊ ခွေးနှင့် အလီဂေတာငါး အပါအဝင် အိမ်မွေးတိရစ္ဆာန် ၂၀ ကျော်အတွက် စိုးရိမ်နေပြီး ၎င်းတို့အား အစာကျွေးရန် ပြန်လာချင်ခဲ့ကြောင်း သိရသည်။
၎င်း၏သားဖြစ်သူသည် အဆိုပါအခြေအနေကြောင့် စိတ်အနှောင့်အယှက်ဖြစ်ခဲ့သော်လည်း ယနေ့ဖြစ်စဉ်ကို မည်သည့်အရာက လှုံ့ဆော်ခဲ့သည်ကို မသိရှိကြောင်း စမန်းက ပြောကြားခဲ့သည်။ ထို့အပြင် သားဖြစ်သူတွင် စိတ်ကျန်းမာရေးရောဂါ၊ မူးယစ်ဆေးဝါးသုံးစွဲမှု သို့မဟုတ် အရက်သောက်စားသည့် သမိုင်းကြောင်းများ မရှိခဲ့ကြောင်းလည်း ဆိုသည်။
ရဲတပ်ဖွဲ့သည် မီးလောင်မှုဖြစ်စဉ်၊ အရေးပေါ်ကယ်ဆယ်ရေး ဝန်ထမ်းများအား ပစ်ခတ်ခဲ့မှု၊ သေဆုံးမှုနှင့် အိမ်အတွင်းတွေ့ရှိရသည့် လက်နက်များနှင့် ဖောက်ခွဲရေးပစ္စည်းများ၏ မြစ်ဖျားခံရာတို့ကို ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိသည်။
Ref: Thaiger
