သက်တံ့
၂၅. ၉. ၂၀၂၆
ထိုင်းနိုင်ငံ၊ ဖူးခက်မြို့ရှိ နေအိမ်တစ်ခု၌ စက်တင်ဘာ ၂၄ ရက်ညပိုင်းက ရဲအရာရှိတစ်ဦးသည် တာဝန်ချိန်သုံး ပစ္စတိုသေနတ်ကို ကိုင်တွယ်စစ်ဆေးစဉ် မတော်တဆ ကျည်ထွက်သွားပြီး မိခင်ဖြစ်သူ၏ ဦးခေါင်းကို ထိမှန်ခဲ့ရာမှ မိခင်ဖြစ်သူမှာ ဆေးရုံ၌ ကွယ်လွန်သွားခဲ့သည်။
ယမန်နေ့ စက်တင်ဘာ ၂၄ ရက် ည ၉ နာရီ မိနစ် ၂၀ ခန့်တွင် ဖူးခက်မြို့နယ်၊ ကော့ကဲဝ် (Koh Kaew) ရှိ နေအိမ်တစ်အိမ်၌ သေနတ်ပစ်ခတ်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မူအန်းဖူးခက် (Mueang Phuket) ရဲစခန်းက အရေးပေါ် ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်။
ကယ်ဆယ်ရေးဝန်ထမ်းများနှင့် ဆေးဘက်ဆိုင်ရာဝန်ထမ်းများ အခင်းဖြစ်ပွားရာ အိမ်သို့ အမြန်ရောက်ရှိသွားချိန်တွင် ဦးခေါင်းအလယ်တည့်တည့်၌ သေနတ်ဒဏ်ရာတစ်ချက် ထိမှန်ထားသည့် အမျိုးသမီးတစ်ဦးကို တွေ့ရှိခဲ့ရသည်။ အဆိုပါ အမျိုးသမီးမှာ သတိလစ်မေ့မြောနေပြီး သွေးခုန်နှုန်း မရှိတော့သဖြင့် အရေးပေါ်အသက်ရှူထောက်ကူမှု (CPR) ပြုလုပ်ပေးကာ ဆေးရုံသို့ အမြန်ပို့ဆောင်ခဲ့ရသည်။
သေနတ်မှန်သူ၏ သားဖြစ်သူ ရဲတပ်ကြပ် ချွန်သီး (Chonthee) က ရဲစခန်းက ထုတ်ပေးထားသည့် Glock 19 ပစ္စတိုသေနတ်ကို ကိုင်တွယ်နေစဉ် အဆိုပါ ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းစစ်ဆေးသူများကို ထွက်ဆိုခဲ့သည်။
တိုင်းဒေသကြီး ရဲတပ်ဖွဲ့ အမှတ် (၈) စုံစမ်းစစ်ဆေးရေးဌာနခွဲအောက်ရှိ လူစုလူဝေး ထိန်းသိမ်းရေးတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်နေသူ ချွန်သီးက သေနတ်၏ ကျည်အိမ်အတွင်း ကျည်ရှိမရှိ မစစ်ဆေးဘဲ သေနတ်မောင်းတံ (Slide) ကို ဆွဲလိုက်မိကြောင်း၊ သေနတ်ပြောင်းဝအတွင်း ၉ မီလီမီတာကျည် တစ်တောင့် ကျန်ရှိနေသဖြင့် သေနတ်ကျည် ထွက်သွားကာ မိခင်ဖြစ်သူ၏ ဦးခေါင်းကို မှန်သွားခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။

ကယ်ဆယ်ရေးဝန်ထမ်းများက အဆိုပါ အမျိုးသမီးအား ဝဇီရာ ဖူးခက် ဆေးရုံ (Vachira Phuket Hospital) သို့ ပို့ဆောင်ပေးခဲ့သော်လည်း ရရှိထားသော ဒဏ်ရာများဖြင့် ကွယ်လွန်သွားခဲ့သည်။
သေနတ်ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် ဖူးခက်မြို့မှ မှုခင်းဆရာဝန်များနှင့် မှုခင်းဆေးပညာရှင်များကို ခေါ်ယူ၍ အခင်းဖြစ်ပွားရာနေရာကို စစ်ဆေးခြင်း၊ ပစ္စတိုသေနတ်ကို စစ်ဆေးခြင်းနှင့် ရဲတပ်ကြပ်၏ လက်တွင် ယမ်းငွေ့ဓာတ်ကြွင်း ရှိမရှိ စစ်ဆေးခြင်းတို့ ပြုလုပ်ခဲ့သည်။
ထို့အပြင် စုံစမ်းစစ်ဆေးသူများသည် ရဲတပ်ကြပ် ချွန်သီးနှင့် Glock 19 သေနတ်တို့ကို မူအန်းဖူးခက် ရဲစခန်းတွင် စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့သည်။ ရဲတပ်ဖွဲ့အနေဖြင့် တရားဥပဒေအရ အရေးယူဆောင်ရွက်မှုများ မပြုလုပ်မီ အထောက်အထားများကို စုဆောင်းလျက်ရှိသည်။
Ref: Thaiger
