၂၅.၉.၂၀၂၆.
Translated by Htwe Ko Tun
အီသီယိုးပီးယားနိုင်ငံတွင် အစိုးရတပ်ဖွဲ့များနှင့် တီဂရေး ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (TPLF) တို့ အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာခြင်းကြောင့် ရက်စက်ကြမ်းကြုတ်သော စစ်ပွဲတစ်ခု ထပ်မံ ဖြစ်ပွားလာမည်ကို စိုးရိမ်မှုများမြင့်တက်လျက်ရှိကြောင်း သိရသည်။
TPLF သည် ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၂ ခုနှစ်အတွင်း အီသီယိုးပီးယားစစ်တပ်နှင့် တိုက်ခိုက်ခဲ့ပြီး ထိုပဋိပက္ခအတွင်း အရပ်သားသိန်းနှင့်ချှ သေဆုံးခဲ့ရသည်။ စက်တင်ဘာလ ၂၄ ရက်တွင်မူ အီသီယိုးပီးယားတပ်ဖွဲ့များနှင့် TPLF တို့အကြား တိုက်ပွဲများ ပြင်းထန်လာခဲ့ပြီး ၂၀၂၂ ခုနှစ်က ချုပ်ဆိုခဲ့သော မခိုင်မာသည့် ငြိမ်းချမ်းရေးသဘောတူညီချက်ကို ပျက်ပြားစေမည့် အခြေအနေမျိုး ဖြစ်ပေါ်လာခဲ့သည်။
တိုက်ပွဲများ ပြန်လည်ဖြစ်ပွားမှုမှာ အီသီယိုးပီးယားနိုင်ငံမြောက်ပိုင်း တီဂရေး (Tigray) ဒေသတွင် စက်တင်ဘာလ ၂၃ ရက်က စတင်ခဲ့ခြင်းဖြစ်သည်။



“ကျွန်တော်တို့ဟာ အခုဆိုရင် အပြည့်အဝ စစ်ပွဲအခြေအနေမျိုးကို ရောက်ရှိနေပါပြီ” ဟု TPLF ဒုတိယဥက္ကဋ္ဌ အမာနျူရယ် အက်ဆက်ဖာ (Amanuel Assefa) က AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။
အီသီယိုးပီးယားစစ်တပ်ကလည်း TPLF ဘက်မှ လူအင်အားနှင့် စစ်ရေးသုံးပစ္စည်းများစွာကို ဆုံးရှုံးစေခဲ့သည့် တန်ပြန်ထိုးစစ်တစ်ခုကို ၎င်းတို့က စက်တင်ဘာလ ၂၄ ရက်တွင် စတင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
တီဂရေးသူပုန်များအနက် ၂၇၂ ဦးကို သတ်ဖြတ်နိုင်ခဲ့ပြီး ၂၆၀ ခန့်ကို ဒဏ်ရာရရှိစေခဲ့ကြောင်း စစ်တပ်က ပြောကြားခဲ့သည်။ သို့သော် ဤကိန်းဂဏန်းများကို အတည်ပြုနိုင်ခြင်း မရှိသေးသလို စစ်သားများနှင့် အရပ်သားများအလိုက် ခွဲခြားဖော်ပြထားခြင်းလည်း မရှိပေ။
အာဖရိကသမဂ္ဂ၊ ကုလသမဂ္ဂနှင့် အခြားသော နိုင်ငံတကာ လေ့လာစောင့်ကြည့်သူများက ထိန်းသိမ်း ဆောင်ရွက်ရန်နှင့် တင်းမာမှုများကို လျှော့ချရန် တောင်းဆိုထားကြသည်။
“ဒီနှစ်အစောပိုင်းက အမေရိကန်ပြည်ထောင်စုရဲ့ ပိတ်ဆို့အရေးယူမှု ခံထားရတဲ့ TPLF ခေါင်းဆောင်ပိုင်းက ဒီနေ့မှာပဲ ကြီးမားတဲ့ ထိုးစစ်ဆင်မှုတစ်ခုကို စတင်ဖို့ မှားယွင်းတဲ့ ဆုံးဖြတ်ချက်ချလိုက်တာကို မြင်တွေ့ရတဲ့အတွက် စိတ်ပျက်မိပါတယ်” ဟု အဒစ်အဘာဘာမြို့ရှိ အမေရိကန်သံအမတ်ကြီးက ပြောကြားခဲ့သည်။
“သမ္မတ Obasanjo ၏ ဦးဆောင်မှုဖြင့် အာဖရိကသမဂ္ဂက စီစဉ်သည့် ဆွေးနွေးညှိနှိုင်းမှုများကို ငြင်းပယ်ပြီး အနိုင်ရနိုင်ခြေမရှိသော တိုက်ပွဲတစ်ခုတွင် ပါဝင်ပတ်သက်နေခြင်းသည် ပြည်သူများအတွက် မည်သည့်အကျိုးမျှ ဖြစ်ထွန်းစေမည် မဟုတ်ပါ” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
TPLF သည် ၁၉၉၁ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ အီသီယိုးပီးယားနိုင်ငံ၏ အဓိက နိုင်ငံရေးအင်အားစုကြီး ဖြစ်ခဲ့သည်။
ဝန်ကြီးချုပ် Abiy Ahmed သည် ၂၀၁၈ ခုနှစ်တွင် ရာထူးရယူခဲ့ပြီးနောက် တိုင်းရင်းသားအခြေပြု မဟုတ်သော၊ ၎င်း၏ Prosperity Party (သာယာဝပြောရေးပါတီ) က ဦးဆောင်သည့် အစိုးရပုံစံကို ရွေးချယ်ခဲ့ပြီး TPLF ကို နိုင်ငံရေးအရ ဘေးဖယ်ထားခဲ့သည်။
ထို့နောက် TPLF သည် ၂၀၂၀ ပြည့်နှစ်တွင် ဝန်ကြီးချုပ် Abiy ၏အစိုးရအား ဆန့်ကျင်သည့် ပုန်ကန်မှုတစ်ခုကို စတင်ခဲ့ပြီး ထိုပုန်ကန်မှုသည် နှစ်နစ်ကြာ စစ်ပွဲတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ကာ အကြမ်းဖက်မှု၊ ငတ်မွတ်ခေါင်းပါးမှုနှင့် ကျန်းမာရေးဝန်ဆောင်မှုများ ပြိုလဲပျက်စီးမှုတို့ကြောင့် လူပေါင်း ၅၀၀,၀၀၀ ခန့် သေဆုံးခဲ့ရသည်။
Ref: AFP
