သက်တံ့
၂၅. ၉. ၂၀၂၆
မဏိပူရ်ပြည်နယ်၊ ကမ်ဂျုန်းခရိုင်၊ မြန်မာနယ်စပ်အနီးရှိ ပီလောင်ကျေးရွာအနီးတွင် စက်တင်ဘာ ၂၄ ရက်က နာဂ အရပ်သား ၄ ဦးမှာ မြန်မာနိုင်ငံဘက်ခြမ်းမှ လက်နက်ကိုင် သောင်းကျန်းသူဟု ယူဆရသူများ၏ ပစ်ခတ်သတ်ဖြတ်ခြင်းကို ခံခဲ့ရကြောင်း ဒေသခံများနှင့် သတင်းရင်းမြစ်များအရ သိရသည်။
သောင်းကျန်းသူဟု ယူဆရသူများ၏ ပစ်ခတ်မှုကြောင့် လူ ၄ ဦး သေဆုံးခဲ့ကြောင်း အာဏာပိုင်များထံ သတင်းပေးပို့ခဲ့ပြီးနောက် ကြာသပတေးနေ့တွင် ရဲတပ်ဖွဲ့ဝင်များကို နယ်မြေဝေးကွာကြမ်းတမ်းသော ထိုကျေးရွာသို့ စေလွှတ်ခဲ့သည်။ သို့သော်လည်း ညနေပိုင်းအထိ အဆိုပါသတ်ဖြတ်ခံရမှုကို ရဲတပ်ဖွဲ့က အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း အရာရှိတစ်ဦးက ပြောကြားခဲ့သည်။
မြန်မာနယ်စပ် တစ်ဖက်ခြမ်းမှ သောင်းကျန်းသူများသည် အဆိုပါဒေသအတွင်းသို့ ဝင်ရောက်လာပြီး လူ ၅ ဦးကို တိုက်ခိုက်ခဲ့ရာ ၄ ဦး သေဆုံးခဲ့ကြောင်း ပီလောင်ကျေးရွာသားများက ပြောကြားခဲ့သည်။ ထိုအထဲမှ တစ်ဦးမှာ ထွက်ပြေးလွတ်မြောက်ခဲ့ပြီး ဖြစ်စဉ်ကို ရွာသားများနှင့် ဒေသဆိုင်ရာ အာဏာပိုင်များထံ သတင်းပို့ခဲ့ခြင်းဖြစ်သည်။

“အိမ်နီးချင်း မြန်မာနိုင်ငံဘက်မှာ အခြေပြုနေတဲ့ သောင်းကျန်းသူတွေ နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာပြီး လူ ၅ ဦးကို တိုက်ခိုက်ခဲ့ရာမှာ ၄ ဦး သေဆုံးသွားတယ်လို့ ရွာသားတွေက ပြောပါတယ်။ တစ်ဦးကတော့ ထွက်ပြေးလွတ်မြောက်ခဲ့ပြီး ရွာသားတွေနဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေကို ဖြစ်စဉ်ကို သတင်းပို့ခဲ့တာပါ။ သတ်ဖြတ်ခံရမှုကိုတော့ အတည်မပြုရသေးပါဘူး။ ဒီပြောကြားချက် အမှန်အကန်ဟုတ်မဟုတ် စုံစမ်းစစ်ဆေးဖို့ ရဲတပ်ဖွဲ့ကို စေလွှတ်ထားပါတယ်” ဟု အဆိုပါ အရာရှိက ပြောသည်။
ပီလောင်ကျေးရွာသည် ကမ်ဂျုန်းခရိုင်ရုံးချုပ်မှ ၃၄ ကီလိုမီတာခန့် ကွာဝေးပြီး မြန်မာနိုင်ငံနှင့် နိုင်ငံတကာနယ်စပ်အနီးတွင် တည်ရှိသည်။ ဖြစ်ပွားခဲ့သည့်နေရာမှာ နယ်စပ်မှတ်တိုင် ၉၁ နှင့် ၉၃ အကြားတွင် ဖြစ်ကြောင်း သိရသည်။
ဒေသတွင်း သတင်းရင်းမြစ်များ၏ အဆိုအရ သေဆုံးသူ ၄ ဦးမှာ ကူကီးအမျိုးသားတပ်မတော်-မြန်မာ (KNA-B) နှင့် ကူကီးလက်နက်ကိုင်အဖွဲ့များ၏ လက်ချက်ကြောင့် သတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း စွပ်စွဲထားသော်လည်း ကနဦးတွင် အဆိုပါ စွပ်စွဲချက်ကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
သေဆုံးသွားသူများမှာ တန်ခူးလ် နာဂ တိုင်းရင်းသားများဖြစ်ပြီး ကန်ပတ်ခူးလန်ကျေးရွာ (Kangpat Khullen) မှ Phami Jajo၊ Betterson Jajo၊ Vareishim Jajo နှင့် ဇင်းဆုကျေးရွာ (Zingsui) မှ Ningthem Kashak တို့ဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။
အဆိုပါ ဖြစ်စဉ်ကြောင့် နယ်စပ်ဒေသတွင် တင်းမာမှုများ မြင့်တက်လာခဲ့ပြီး Tangkhul Naga Long (TNL) အဖွဲ့က အဆိုပါ သတ်ဖြတ်မှုများကို မကျေနပ်၍ ဆန့်ကျင်ဆန္ဒပြသည့်အနေဖြင့် ယင်းတို့ ထိန်းချုပ်ရာ နယ်မြေတစ်ခုလုံးတွင် ပိတ်ဆို့ဆန္ဒပြမှု (Total Shutdown) ပြုလုပ်မည်ဟု ကြေညာခဲ့သည်။
Ref: India Today
