သက်တံ့
၂၅. ၉. ၂၀၂၆
ထိုင်းနိုင်ငံ၏ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက် ဖူအာကတ်ကောင်း (Sihasak Phuangketkeow) သည် အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ဥက္ကဋ္ဌ မာဂျာနာ စပေါလ်ဂျာရစ် အဂ္ဂါ (Mirjana Spoljaric Egger) နှင့် တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များ၊ ထိုင်းနိုင်ငံ၏ ကူညီကယ်ဆယ်ရေး ကြိုးပမ်းမှုများနှင့် ICRC နှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
အဆိုပါ တွေ့ဆုံပွဲကို ၈၁ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ အစည်းအဝေး ကာလအတွင်း ကုလသမဂ္ဂဌာနချုပ်၌ စက်တင်ဘာ ၂၃ ရက်က ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
တွေ့ဆုံပွဲတွင် ဆီဟာဆက်က မြန်မာနိုင်ငံသို့ ထိုင်းနိုင်ငံ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး ဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပြီး ICRC ဥက္ကဋ္ဌကလည်း ထိခိုက်ခံစားရသည့် လူထုအသိုင်းအဝိုင်းများအတွက် ပြည်သူ့ကျန်းမာရေးဝန်ဆောင်မှုများ၊ သောက်သုံးရေသန့်နှင့် မရှိမဖြစ် လိုအပ်သော အခြေခံအဆောက်အအုံများ လက်လှမ်းမီ ရရှိရေးအပါအဝင် ဆက်လက်ကူညီထောက်ပံ့ပေးရေး၏ အရေးပါမှုကို အလေးပေးပြောကြားခဲ့သည်။ နှစ်ဖက်စလုံးသည် လက်ရှိ လူသားချင်းစာနာမှု လိုအပ်ချက်များနှင့် ကူညီကယ်ဆယ်ရေး ကြိုးပမ်းမှုများအပေါ် အမြင်ချင်းဖလှယ်ခဲ့ကြသည်။
ထို့ပြင် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေနှင့် ပတ်သက်၍ ထိုင်းနိုင်ငံနှင့် ICRC တို့အကြား ပူးပေါင်းဆောင်ရွက်မှု၊ အထူးသဖြင့် ထိုင်းဘုရင့်တပ်မတော်အတွက် အဖွဲ့အစည်းမှ ပံ့ပိုးပေးသည့် သင်တန်းအစီအစဉ်များကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြသည်။ အဆိုပါ သင်တန်းများသည် လက်နက်ကိုင်ပဋိပက္ခများအတွင်း လူသားချင်းစာနာမှုဆိုင်ရာ ကာကွယ်စောင့်ရှောက်ရေးနှင့် တာဝန်ရှိမှုများကို စစ်ဘက်ဆိုင်ရာ တပ်ဖွဲ့ဝင်များ ပိုမိုနားလည်သဘောပေါက်လာစေရန် ကူညီပေးလျက်ရှိသည်။
ICRC ဥက္ကဋ္ဌ စပေါလ်ဂျာရစ်က ဂျော်ဒန်နိုင်ငံ၊ အမ်မန်မြို့၌ ဒီဇင်ဘာ ၇ ရက်တွင် ICRC နှင့် ဂျော်ဒန်အစိုးရတို့ ပူးတွဲကျင်းပမည့် “စစ်ပွဲအတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဆင့်မြင့်ညီလာခံ” (High-Level Conference on Humanity in War) သို့ တက်ရောက်ရန် ထိုင်းဝန်ကြီးချုပ် အနုထင် ချာဝီရကွန် (Anutin Charnvirakul) နှင့် နိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်တို့အား ဖိတ်ကြားခဲ့သည်။
Ref : NNT Via Pattaya Mail
