၂၅.၉.၂၀၂၆
Translated by Htwe Ko Tun
ပါကစ္စတန်နိုင်ငံတွင် နိုင်ငံအနောက်တောင်ဘက် ဘလူးချီစတန်ပြည်နယ်၌ ဖခင်ဖြစ်သူ အမျိုးသားတစ်ဦးက ၎င်း၏ အသက်သုံးနှစ်အရွယ် သမီးဖြစ်သူ ကလေးငယ်ကို အသက် ၆၀ နှစ်အရွယ် အမျိုးသားတစ်ဦးထံဇနီးအဖြစ် ရောင်းချခဲ့သည်ဟူသော သတင်းထွက်ပေါ်လာခဲ့ရာ နိုင်ငံတစ်ဝန်း ဒေါသထွက်မှုများ ဖြစ်ပေါ် ခဲ့ပြီး သဲလွန်စအနေဖြင့် ကလေးငယ်၏ အစ်မဖြစ်သူ သတ်ဖြတ်ခံရမှုနှင့်ပါ ချိတ်ဆက်စစ်ဆေးလျက် ရှိကြောင်း သိရသည်။
ဘလူးချီစတန်ပြည်နယ်၌ ဖြစ်ပွားခဲ့သောထိုဖြစ်ရပ်တွင် ကလေးမလေးကို ပါကစ္စတန် ရူပီးငွေ ၂ ဒသမ ၅ သန်း (အမေရိကန်ဒေါ်လာ ၉,၀၀၀ ခန့်) ဖြင့် ရောင်းချခဲ့ခြင်းဟုလည်း သိရသည်။ ကလေးမလေး၏ ဖခင်ဖြစ်သူ အဗ္ဗဒူလ် ဘာကွီကို နယ်စပ်မြို့ဖြစ်သော ချာမန်မြို့တွင် ဖမ်းဆီးရမိခဲ့သော်လည်း၊ အသက် ၆၀ နှစ် အရွယ် ဆာလာ အူဒင်မှာမူ ထွက်ပြေးတိမ်းရှောင်လျက် ရှိကြောင်း သတင်းများအရ သိရသည်။
ဤဖြစ်ရပ်က “walwar” သို့မဟုတ် “bride price” ဟုခေါ်ကြသည့် သတို့သားက သတို့သမီးအတွက် တန်ဖိုးငွေ ပေးချေရမှု ရိုးရာဓလေ့တစ်ခုအပေါ် လူအများ၏ အာရုံစိုက်မှုကို ရရှိစေခဲ့သည်။ ဤ ဓလေ့အရ သတို့သား သို့မဟုတ် ၎င်း၏မိသားစုက သတို့သမီး၏မိသားစုထံ ငွေကြေးပေးချေရလေ့ ရှိသည်။

ဒေသတွင်း သတင်းများအရ ငွေကြေးပမာဏ အပြည့်အစုံ ပေးချေပြီးစီးခြင်း မရှိသေးသည့်အတွက် ဤ လက်ထပ်ထိမ်းမြားမှုမှာ လက်ရှိအချိန်တွင် စာရွက်စာတမ်းအဆင့်၌သာ ရှိနေသေးသည်ဟု သိရသည်။ သတို့သမီးအတွက် ပေးချေရမည့်ငွေ အပြည့်အစုံကို ကလေးမလေး၏ဖခင်ထံ ပေးအပ်ပြီးစီးပါက သူမကို အဆိုပါ အသက် ၆၀ အရွယ် အမျိုးသား၏ ဇနီးအဖြစ် သတ်မှတ်ခံရမည်ဖြစ်သည်။ သို့သော် သတို့သမီးအတွက် ပေးချေရမည့်ငွေ အပြည့်အစုံကို ပေးချေပြီးစီးရန် နှစ်ပေါင်းများစွာ ကြာမြင့်နိုင်သည်။ ထိုသို့ ငွေပေးချေမှု မပြီးဆုံးမီကာလအတွင်း ဤသဘောတူညီချက်ကြောင့် ကလေးမလေး အရွယ်ရောက်လာသည့်တိုင် သူမအတွက် အခြားလက်ထပ်မည့်သူကို ရှာဖွေခွင့်ရမည် မဟုတ်ပေ။ အကယ်၍ မိသားစုက ထိုသို့ရှာဖွေရန် ကြိုးပမ်းပါက မိသားစုနှစ်ခုကြား အကြမ်းဖက်မှုများ ဖြစ်ပွားခြင်းအပါအဝင် ပြင်းထန်သောနောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်လာနိုင်ခြေရှိကြောင်း သတင်းများက ဖော်ပြခဲ့ကြသည်။
သတင်းများ ထွက်ပေါ်လာပြီးနောက် ဘလူးချီစတန်ပြည်နယ် ဝန်ကြီးချုပ် မီယာ ဆာဖရာ့ဇ် ဘူဂျတီက ဆွေမျိုးများထံမှ တရားဝင်တိုင်ကြားချက်ကို စောင့်ဆိုင်းမနေဘဲ စုံစမ်းစစ်ဆေးမှုများ စတင်လုပ်ဆောင်ရန် တာဝန်ရှိသူများအား ညွှန်ကြားခဲ့သည်။ ၎င်းက ကလေးငယ်၏ လုံခြုံရေးကို အပြည့်အဝအာမခံရန်လည်း ညွှန်ကြားထားသည်။
ဘလူးချီစတန်ပြည်နယ် ရဲတပ်ဖွဲ့၏ ကျား/မရေးရာကိစ္စရပ်များဆိုင်ရာ လက်ထောက်ရဲချုပ် အစ်ရာ အာမက် အမ်ရာနီက The Media Line သတင်းဌာနသို့ ရောင်းချခံရသော ကလေးမလေး၏ဖခင်ကို ဖမ်းဆီးထားပြီးဖြစ်ကြောင်းနှင့် ဆာလာ အူဒင်ကို ဆက်လက်ရှာဖွေလျက်ရှိကြောင်း ပြောကြားခဲ့သည်။ ချာမန်မြို့ ရဲတပ်ဖွဲ့ခွဲမှ အရာရှိ အဗ္ဗဒူလ် ဂျက်ဘာခန်း ကလည်း ကလေးမလေးနှင့် သူမ၏မိခင်တို့မှာ ရဲတပ်ဖွဲ့၏ အကာအကွယ်အောက်တွင် ရှိနေကြောင်း သတင်းဌာနသို့ ပြောကြားခဲ့သည်။
ထိုမိန်းကလေး၏အစ်မဖြစ်သူ အသက် ၁၅ နှစ်အရွယ် ရှုကရီရာ ဘီဘီ မှာလည်း ဆာလာ အူဒင်၏ သားနှင့် လက်ထပ်ခြင်းခံခဲ့ရပြီး၊ ထိုသားဖြစ်သူကပင် သူမကို သတ်ဖြတ်ခဲ့သည်။ ထို့ကြောင့်လည်း ရဲတပ်ဖွဲ့က ကွတ်တာမြို့ပြင်ပိုင်းတွင် ဖြစ်ပွားခဲ့သော ရှုကရီရာ ဘီဘီ အသတ်ခံရမှုဖြစ်စဉ်ကိုလည်း တစ်ချိန်တည်းမှာပင်စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
ရဲတပ်ဖွဲ့၏အဆိုအရ ဘာကွီသည်သမီးဖြစ်သူ ရှုကရီရာကို ဆာလာအူဒင်၏သားနှင့် လက်ထပ်ရန် ရူပီး ၁ ဒသမ ၅ သန်းဖြင့် စီစဉ်ပေးခဲ့ခြင်းဟု ဆိုသည်။နောက်ပိုင်းတွင် ၎င်းက အသက် သုံးနှစ်အရွယ် သမီးငယ်ကို ဆာလာ အူဒင်နှင့် လက်ထပ်ပေးရန် စီစဉ်ခဲ့သော်လည်း ဆာလာအူဒင်ကမူ အသက် ရှစ်နှစ်အရွယ် သမီးကိုသာ ပေးပို့ရန် တောင်းဆိုခဲ့သည်ဟု ဆိုသည်။
လက်ထပ်ပြီးရက်အနည်းငယ်အကြာတွင် ရှုကရီရာမှာခင်ပွန်းဖြစ်သူ ကမ်ရန်၏လက်ချက်ဖြင့် သေဆုံးခဲ့ရသည်။ ကမ်ရန်၏ ထွက်ဆိုချက်အရ ဇနီးဖြစ်သူက တံခါးပေါက်မှတစ်ဆင့် အပြင်ဘက်ကို ကြည့်ရှုခဲ့သည့်အတွက် ဒေါသထွက်ကာ သံချောင်းဖြင့် ရိုက်နှက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ရှုကရီရာ၏ လူသတ်မှုက နောက်ဆုံးဖြစ်ပွားခဲ့သော အငြင်းပွားမှုနှင့် ဆက်စပ်မှုရှိမရှိကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးလျက်ရှိသည်။
ဘာကွီက ဒေသတွင်းဗီဒီယိုဘလော့ဂါတစ်ဦးကိုလည်း ထိုအတိုင်းပြောကြားခဲ့သည်ဟု ဆိုသည်။ မိသားစုထဲသို့ အသက်မပြည့်သေးသော မိန်းကလေးတစ်ဦးကို ထပ်မံ လက်ထပ်ထိမ်းမြားပေးရန် တောင်းဆိုခဲ့ကြသည့် ခင်ပွန်းဘက်မှ မိသားစုဝင်များ၏ အကြမ်းဖက်မှုကို ရှုကရီရာ ခံခဲ့ရကြောင်း ၎င်းက ပြောခဲ့သည်။ ဆင်းရဲနွမ်းပါးမှုနှင့် အိမ်တစ်လုံး ဝယ်ယူလိုစိတ်တို့ကြောင့် ဤသို့ သဘောတူခဲ့ရသည်ဟု ဘာကွီက ဆိုသည်။
ဘလူးချီစတန်ပြည်နယ်တွင် ကလေးသူငယ်လက်ထပ်ထိမ်းမြားခြင်းမှာ တရားဥပဒေနှင့်မညီသော လုပ်ရပ်ဖြစ်ပြီး ကလေးသူငယ်လက်ထပ်ထိမ်းမြားမှု တားဆီးကာကွယ်ရေးဥပဒေ (၂၀၂၅) အရပြည်နယ် အတွင်း လက်ထပ်ထိမ်းမြားနိုင်သည့် အသက်အရွယ်မှာ အနည်းဆုံး ၁၈ နှစ် ရှိရမည်ဖြစ်သည်။ ဤဥပဒေအရ ပြစ်မှုထင်ရှားစီရင်ခံရသူ အမျိုးသားတစ်ဦးသည် ထောင်ဒဏ် နှစ်နှစ်မှ သုံးနှစ်အထိ ကျခံ ရနိုင်ပြီး ပါကစ္စတန်ရူပီး ၁၀၀,၀၀၀ မှ ၂၀၀,၀၀၀ အထိ ငွေဒဏ်ပေးဆောင်ရနိုင်သည်။
Ref: WION
