





၂၅.၉.၂၀၂၆
Written By Thandar
ဂျပန်နိုင်ငံ Aichi-Nagoya မြို့မှာ ကျင်းပမယ့် အာရှအားကစားပြိုင်ပွဲမှာ PUBG MOBILE Esports ပွဲစဉ်တွေကို စက်တင်ဘာ ၂၈ ရက်နဲ့ စက်တင်ဘာ ၂၉ ရက်နေ့တို့မှာ ကျင်းပသွားမှာဖြစ်ရာ မြန်မာနိုင်ငံ ကိုယ်စား ပြုအနေနဲ့ Team Zanaka က ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။
ကမ္ဘာတစ်ဝန်း လူကြိုက်များတဲ့ Mobile Game တစ်ခုဖြစ်တဲ့ PUBG MOBILE က ၂၀ ကြိမ်မြောက် ကျင်းပမယ့် ၂၀၂၆ ခုနှစ် အာရှအားကစားပြိုင်ပွဲလည်း ဖြစ်ပါတယ်။
“မြန်မာနိုင်ငံက လူငယ် Esports ကစားသမားတွေအနေနဲ့ အခုလို နိုင်ငံတကာအဆင့် ပြိုင်ပွဲကြီးတွေမှာ ပါဝင်ယှဉ်ပြိုင်နိုင်တဲ့ အခွင့်အရေးတွေ ပိုမိုရရှိလာတာကို မြင်တွေ့ရတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ နိုင်ငံတကာအဆင့် ပြိုင်ပွဲကြီးတစ်ခုမှာ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ရမှာဖြစ်တဲ့အတွက် Team Zanaka အတွက် အမှတ်တရဖြစ်စေမဲ့ အတွေ့အကြုံကောင်းတစ်ခုဖြစ်မယ်လို့လည်း ယုံကြည်ပါတယ်။ Team Zanaka အနေနဲ့ အကောင်းဆုံး စွမ်းဆောင်ရည်ကို ပြသနိုင်ပြီး အောင်မြင်မှုတွေရရှိနိုင်ပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။ မြန်မာနိုင်ငံက ပရိသတ်တွေအနေနဲ့လဲ Team Zanaka ကို အားပေးကြဖို့ ပြောချင် ပါတယ်” PUBG MOBILE ရဲ့ Country Manager ဖြစ်တဲ့ Aman Kumar က ပြောပါတယ်။
ဒီအာရှအားကစားပြိုင်ပွဲကို စက်တင်ဘာ ၁၉ ရက်နေ့ကနေ အောက်တိုဘာ ၄ ရက်နေ့အထိ ဂျပန်နိုင်ငံ Aichi-Nagoya မြို့မှာ ကျင်းပမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံကိုယ်စားပြု PUBG MOBILE Esports အသင်းအနေနဲ့ သွားရောက်ယှဉ်ပြိုင်မယ့် Team Zanaka က အာရှနိုင်ငံတွေက အသင်းပေါင်း ၂၃ သင်း ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ တရားဝင် PUBG MOBILE Asian Games Qualifiers မှာ ထိပ်ဆုံး ၈ သင်းစာရင်းဝင်ခဲ့ပါတယ်။
အဆိုပါပြိုင်ပွဲမှာ Team Zanaka အနေနဲ့ အိမ်ရှင် ဂျပန်နိုင်ငံအပါအဝင် တောင်ကိုရီးယား၊ တရုတ်၊ အင်ဒိုနီးရှား၊ ထိုင်း၊ ဗီယက်နမ်၊ ဆော်ဒီအာရေဗျ၊ အီရန် စတဲ့နိုင်ငံတွေက လက်ရွေးစင်အသင်းတွေနဲ့ အကြိတ် အနယ် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
“ကျွန်တော်တို့ Team Zanaka အနေနဲ့ ဂျပန်နိုင်ငံမှာကျင်းပမဲ့ အကြိမ် ၂၀ မြောက် အာရှအားကစား ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်တဲ့အတွက် အရမ်း ရင်ခုန်စိတ်လှုပ်ရှားနေပါတယ်။ အာရှတိုက်ရဲ့ အကောင်းဆုံး ၁၂ နိုင်ငံက လက်ရွေးစင်အသင်းတွေနဲ့ ယှဉ်ပြိုင်ရမှာဖြစ်တဲ့အတွက် စိန်ခေါ်မှုကြီးမားတဲ့ ပြိုင်ပွဲတစ်ခုဖြစ်ပါတယ်။ အသင်းသားတွေအနေနဲ့လည်း အကောင်းဆုံးရလဒ်တွေ ရရှိနိုင်ဖို့ အစွမ်းကုန်ကြိုးစားပြီး ပြင်ဆင်ထားကြပါတယ်။ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ဂုဏ်ယူစွာနဲ့ အကောင်းဆုံး ယှဉ်ပြိုင်သွားမှာဖြစ်တဲ့အတွက် မြန်မာနိုင်ငံက ပရိသတ်တွေအနေနဲ့လည်း ကျွန်တော်တို့ Team Zanaka ကို ဆက်လက်ဝိုင်းဝန်းအားပေးကြဖို့ မျှော်လင့်ပါတယ်”လို့ Team Zanaka ရဲ့ National Team Manager ကိုဝေယံမျိုးမြတ်က ပြောပါတယ်။
Team Zanaka က ၂၀၂၆ ခုနှစ် အာရှအားကစားပြိုင်ပွဲ ခရီးစဉ်မှာ မြန်မာနိုင်ငံက PUBG MOBILE ကစားသမားတွေနဲ့ အသင်းတွေအနေနဲ့ ဒေသတွင်းနှင့် နိုင်ငံတကာအဆင့်ပြိုင်ပွဲတွေကို ဝင်ရောက်ယှဉ်ပြိုင်လာနိုင်တာက တိုးတက်မှုကို ထင်ဟပ်ပြသနေဖြစ်ပါတယ်။
PUBG MOBILE အနေနဲ့ မြန်မာ့ Esports အသိုက်အဝန်း ပိုမိုဖွံ့ဖြိုးတိုး တက်လာစေဖို့အတွက် အရည်အချင်းရှိတဲ့ ကစားသမားတွေအတွက် ဒေသတွင်းနဲ့ နိုင်ငံတကာအဆင့် ပြိုင်ပွဲတွေမှာ ယှဉ်ပြိုင်နိုင်မယ့် အခွင့်အလမ်းတွေကို ပိုမိုရရှိစေဖို့ ဆက်လက်ပံ့ပိုးပေးသွားမယ်လို့ သိရပါတယ်။
