သက်တံ့
၉. ၁၁. ၂၀၂၆
ထိုင်းနိုင်ငံ၊ ဆူရတ်ဌာနီခရိုင်တွင် အသက် ၉၉ နှစ်အရွယ် အိပ်ရာထဲလဲနေသော အဘွားအိုတစ်ဦးသည် အိမ်၌ ပြုစုစောင့်ရှောက်သူ၏ ရုပ်ပိုင်းဆိုင်ရာ နှိပ်စက်ညှဉ်းပန်းမှုကို CCTV မှတ်တမ်းများတွင် မိသားစုက တွေ့ရှိခဲ့ပြီးနောက် နိုဝင်ဘာ ၈ ရက်နေ့က ဆေးရုံ၌ သေဆုံးသွားခဲ့သည်။
အဆိုပါ အမျိုးသမီးကြီး၏ မြေးဖြစ်သူ ပီးရာယွတ် (Peerayut) က အသက် ၄၂ နှစ်အရွယ် ပြုစုစောင့်ရှောက်သူ ဝပ်စနာ (Wassana) ဆိုသည့် အမျိုးသမီးကို မြို့နယ်အဆင့် မောင်းဆူရတ်ဌာနီ ရဲစခန်းတွင် တိုင်ကြားခဲ့သည်။ အဘွားဖြစ်သူ၏ မျက်နှာနှင့် ခန္ဓာကိုယ်တွင် ဒဏ်ရာဒဏ်ချက်များ တွေ့ရှိခဲ့သဖြင့် အဘွား၏ အိပ်ခန်းအတွင်းတပ်ဆင်ထားသော လုံခြုံရေးကင်မရာ မှတ်တမ်းများကို ပြန်လည်ကြည့်ရှုရာမှ ယခုကဲ့သို့ နှိပ်စက်ခံထားရသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

Channel 7 သတင်းဌာနသို့ ပီးရာယွတ်က ပြောကြားရာတွင် ၎င်းတို့မိသားစုမှာ ကင်မရာမှတ်တမ်းများကို ကြည့်ပြီး အလွန်ပင် တုန်လှုပ်ခြောက်ခြားကာ စိတ်ထိခိုက်ခဲ့ရကြောင်း ဆိုသည်။ ဝပ်စနာသည် ယခင်က ဘိုးဘွားပြုစုစောင့်ရှောက်ရေးစင်တာတွင် လုပ်ကိုင်ခဲ့ဖူးပြီး အဘွားကိုလည်း စေတနာပါပါ ပြုစုပေးခဲ့သူဖြစ်၍ မိသားစုက ယုံကြည်ခဲ့ကြခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ပီးရာယွတ်၏ အဆိုအရ ဝပ်စနာသည် နောက်ပိုင်းတွင် အဆိုပါ ပြုစုစောင့်ရှောက်ရေးစင်တာမှ နုတ်ထွက်ခဲ့ပြီး အဘွားဖြစ်သူကို အိမ်တွင် သီးသန့် ငှားရမ်းပြုစုခွင့်ပြုရန် မိသားစုထံ တောင်းဆိုခဲ့သည်ဟု ဆိုသည်။ မိသားစုကလည်း သူမသည် အဘွားကို ကောင်းမွန်စွာ ပြုစုပေးခဲ့သည်ဟု ယုံကြည်သဖြင့် သဘောတူခဲ့ကြခြင်းဖြစ်သည်။
အောက်တိုဘာ ၂၉ ရက်နေ့ CCTV မှတ်တမ်းတွင် ဝပ်စနာက အဘွားအို၏ မျက်နှာကို ရိုက်နှက်ခြင်း၊ နားရွက်ကို အကြိမ်ကြိမ် ဆွဲလိမ်ခြင်းတို့ကြောင့် ဒဏ်ရာရာမပျောက် ဖြစ်ခဲ့သည်ကို တွေ့ရသည်။ အောက်တိုဘာ ၂၄ ရက်နေ့ မှတ်တမ်းတွင်လည်း ပြုစုစောင့်ရှောက်သူက အဘွားအို၏ ရင်ဘတ်ကို ထိုးနှက်နေသည်ကို တွေ့ရပြီး နိုဝင်ဘာ ၂ ရက်နေ့ မှတ်တမ်းတွင်မူ အဘွားအို၏ မျက်နှာကို ဆွဲဆိတ်ခြင်းနှင့် လက်နှစ်ဖက်ကို အထည်စဖြင့် ကုတင်တန်းတွင် ချည်နှောင်ထားခြင်းတို့ကို တွေ့ရသည်။
နှိပ်စက်ခံရသည့် ဖြစ်စဉ်ကို သိရှိပြီးနောက် နိုဘာ ၂ ရက်နေ့တွင် အဘွားဖြစ်သူကို ဆေးရုံသို့ တင်ပို့ခဲ့သော်လည်း ဆေးကုသမှုခံယူနေစဉ် နိုဝင်ဘာ ၈ ရက်နေ့တွင် သေဆုံးသွားခဲ့ကြောင်း ပီးရာယွတ်က ပြောကြားခဲ့သည်။
မိသားစုက အဆိုပါကိစ္စကို စုံစမ်းစစ်ဆေးသူများထံ လွှဲပြောင်းပေးထားသည်။ ရဲတပ်ဖွဲ့သည် စုံစမ်းစစ်ဆေးမှု၏ အစိတ်အပိုင်းအဖြစ် CCTV မှတ်တမ်းများနှင့် ဆေးဘက်ဆိုင်ရာ စာရွက်စာတမ်းများကို စုဆောင်းလျက်ရှိသည်။ ရဲအရာရှိများက ဝပ်စနာအား စစ်ဆေးမေးမြန်းရန် ဆင့်ခေါ်စာ ပို့ဆောင်ရန် ပြင်ဆင်နေပြီး ဆင့်ခေါ်စာကို လာရောက် အကြောင်းမပြန်ပါက ဖမ်းဝရမ်းထုတ်ပြန်ရန် စီစဉ်ထားသည်။
ပြီးခဲ့သည့် စက်တင်ဘာလကလည်း ချွန်ဘူရီ (Chon Buri) တွင် ၄၂ နှစ်အရွယ် ပြုစုစောင့်ရှောက်သူ အမျိုးသမီးတစ်ဦးက အသက် ၇၈ နှစ်အရွယ် အိပ်ရာထဲလဲနေသော မိခင်ဖြစ်သူကို ၁၀ လကြာ နှိပ်စက်ခဲ့သည်ကို မိသားစုက CCTV မှတ်တမ်းများမှတစ်ဆင့် တွေ့ရှိခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ဖူးသည်။
သီးခြားဖြစ်စဉ်တစ်ခုတွင်လည်း အခြားပြုစုစောင့်ရှောက်သူတစ်ဦးသည် တာဝန်ချိန်အတွင်း ပျော်မြူးကခုန်နေပြီး အရက်သောက်နေသည့် ဗီဒီယိုများကို လူမှုကွန်ရက်တွင် မျှဝေခဲ့သဖြင့် ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသေးသည်။
Ref: Thaiger
