သက်တံ့
၉. ၁၁. ၂၀၂၆
မလေးရှားနိုင်ငံ၊ တာနားမေးရား (Tanah Merah) မြို့၊ ယူတီ (Yuti) ဒေသရှိ တရားမဝင် သင်္ဘောဆိပ်တစ်ခုတွင် မနေ့က ပြုလုပ်ခဲ့သည့် တရားမဝင် ဝင်ရောက်မှု နှိမ်နင်းရေး စစ်ဆင်ရေးအတွင်း ဖမ်းဆီးရမိသူ ၃၄ ဦးအနက် မြန်မာနိုင်ငံသား ၃၀ ဦး ပါဝင်ကြောင်း သိရသည်။
ဖမ်းဆီးခံရသူများတွင် မြန်မာနိုင်ငံသား အမျိုးသား ၁၈ ဦးနှင့် အမျိုးသမီး ၁၂ ဦး ပါဝင်ပြီး ကျန် ၄ ဦးမှာ တရားမဝင် လမ်းကြောင်းများမှတစ်ဆင့် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများ ဝင်ရောက်နိုင်ရန် စက်လှေမောင်းသူများအဖြစ် ဆောင်ရွက်ပေးခဲ့သည်ဟု သံသယရှိရသည့် ဒေသခံ အမျိုးသားများ ဖြစ်ကြသည်။
ဒေသခံ သံသယရှိသူ ၄ ဦးအား ဆီးစစ်ဆေးခဲ့ရာ ၃ ဦးတွင် မူးယစ်ဆေးဝါး သုံးစွဲထားကြောင်း တွေ့ရှိရသည်ဟု တာနားမေးရား ခရိုင်ရဲတပ်ဖွဲ့မှူး မိုဟာမက် ဟာကီ (Mohamad Haki) က ပြောကြားသည်။
ထို့အပြင် ရဲတပ်ဖွဲ့သည် Perodua Myvi မော်တော်ယာဉ်တစ်စီးနှင့် ယင်းကားအတွင်းပါ ဘိန်းစာရွက်ပြုတ်ရည်ဟု သံသယရှိရသော ၄၅၀ မီလီလီတာခန့်ပါ ဘူးတစ်ဘူးအပြင် Honda City မော်တော်ယာဉ်တစ်စီးတို့ကိုလည်း သိမ်းဆည်းခဲ့သည်။ မော်တော်ယာဉ် နှစ်စီးစလုံးနှင့် သံသယဖြစ်ဖွယ် ဆေးဝါးများကို ဆက်လက်စုံစမ်းစစ်ဆေးနိုင်ရန်အတွက် သိမ်းဆည်းထားကြောင်း ၎င်းက ယနေ့ သတင်းထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။
သတင်းအချက်အလက် စုဆောင်းရယူပြီးနောက် ဆောင်ရွက်ခဲ့သည့် အဆိုပါ စစ်ဆင်ရေးတွင် ရဲစခန်း ၄ ခုမှ ရဲတပ်ဖွဲ့ဝင် ၁၀ ဦး ပါဝင်ခဲ့ပြီး ရဲစခန်း ၂ ခုမှ စခန်းမှူးများက ဦးစီးဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ စစ်ဆင်ရေးကို မနေ့က နံနက် ၉ နာရီ ၄၅ မိနစ်တွင် စတင်ခဲ့ခြင်းဖြစ်ပြီး ယင်းအမှုအား ၁၉၅၉/၆၃ ခုနှစ် လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေ ပုဒ်မ ၅၅E နှင့် ၆(၁)(c)၊ ၁၉၅၂ ခုနှစ် အန္တရာယ်ရှိသော မူးယစ်ဆေးဝါးများအက်ဥပဒေ ပုဒ်မ ၁၅(၁)(a) နှင့် ၁၉၅၂ ခုနှစ် အဆိပ်အတောက်များအက်ဥပဒေ ပုဒ်မ ၃၀(၃) တို့ဖြင့် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း မိုဟာမက် ဟာကီက ပြောကြားခဲ့သည်။
Ref: The Star @ Vibes
