၂၂.၈.၂၀၂၆
Written by Linn Eain
နိုင်ငံတော် ဩဝါဒါစရိယ ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ အန္တိမ အဂ္ဂိဈာပနသဘင် အခမ်းအနားကျင်းပရန်အတွက် သုဝဏ္ဏဘူမိ EVENT PARK တွင် တည်ဆောက်ပြင်ဆင်နေမှုများကို စက်တင်ဘာ ၂၂ ရက်၊ နေ့လယ်ပိုင်းက တွေ့မြင်ရသည်။
အဆိုပါ အန္တိမအဂ္ဂိ စျာပနပြုလုပ်မည့် သင်္ဃန်းကျွန်းမြို့နယ်ရှိ သု၀ဏ္ဏဘူမိ Event Park သို့ စက်တင်ဘာ ၂၁ ရက်က သာသနာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် လာရောက်ခဲ့ပြီး အန္တိမစျာပနလောင်တိုက် တည်ဆောက်နေမှု၊ သံဃာတော်ဆောင်၊ လူပုဂ္ဂိုလ်ဆောင်များ တည်ဆောက်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိစျာပနကို လာမည့် စက်တင်ဘာ ၂၅ ရက်၊ မွန်းတည့် ၁၂ နာရီခွဲတွင် ဦးစွာ ချမ်းမြေ့ရိပ်သာကျောင်းတိုက်၌ အန္တိမအဂ္ဂိစျာပန သာဓုကီဠန ပူဇော်ပွဲသဘင်ဆင်ယင်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။





ထို့နောက် နေ့လယ် ၂ နာရီတွင် ကျောင်းတိုက်မှ ပင့်ဆောင်ကာ ညနေ ၃ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ သံသုမာလမ်းပေါ်ရှိ သုဝဏ္ဏဘူမိ EVENT PARK ၌ သံဃာတော်များ၊ ဒါယကာ/ဒါယိကာမများက နောက်ဆုံးပူဇော်လျက် ညနေ ၄ နာရီခွဲတွင် အန္တိမဈာပန သဘင်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ချမ်းမြေ့ရိပ်သာကျောင်းတိုက် ပဓာန နာယက နိုင်ငံတော်ဩဝါဒါစရိယ၊ ရွှေကျင်နိကာယ ရတ္တညူမဟာနာယက၊ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ၊ ဆဋ္ဌသင်္ဂီတိ ပါဠိပဋိဝိသောဓက၊ သကျသီဟနှင့် အစိုးရသိရီ ပဝရဓမ္မာစရိယ ဘဒ္ဒန္တဇနကာဘိဝံသ မဟာထေရ်မြတ်ကြီး သက်တော်(၉၉) နှစ်၊ သိက္ခာတော်(၇၉)ဝါသည် မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ တော်သလင်းလဆန်း (၈)ရက်၊ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာ ၁၉ ရက် (စနေနေ့)၊ ၁၁ နာရီ ၃ မိနစ်တွင် အဆုတ်ရောင်ရောဂါဖြင့် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့သည်။
