၂၂.၉.၂၀၂၆
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ အမှတ် (၁၁) ရပ်ကွက်၊ ညောင်ပင်သာလမ်းရှိ အုတ်စီကန် (သဘာဝရေကန်)တွင် အမျိုးသားနှစ်ဦး ရေဆင်းကူးရာမှ ရေနစ်သေဆုံးမှု စက်တင်ဘာလ ၂၁ ရက် ညနေ ၄ နာရီ ၁၈ မိနစ်ခန့်က ဖြစ်ပွားခဲ့ကြောင်း ကယ်ဆယ်ရေးလုပ်ဆောင်ခဲ့သူများထံမှ သိရသည်။
ပေ ၃၀ ခန့်နက်သော သဘာဝရေကန်တွင် အသက် ၄၇ နှစ်အရွယ် ဦးဇော်မင်းထွန်းနှင့် အသက် ၄၅ နှစ်အရွယ် ဦးသန်းကျော်စိုးတို့နှစ်ဦး ရေဆင်းကူးရာမှ ရေနစ်ကာ ပြန်ပေါ်မလာတော့ဘဲ ပျောက်ဆုံးနေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရေနစ်ပျောက်ဆုံးနေသူနှစ်ဦးကို ရန်ကင်းမြို့နယ်မီးသတ်စခန်းမှ သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းဝင်များနှင့် ပြည်သူများက ဝိုင်းဝန်းရှာဖွေခဲ့ကြရာ အသက် ၄၇ နှစ်အရွယ် ဦးဇော်မင်းထွန်းကို ၁၅ မိနစ်အကြာတွင် လည်းကောင်း၊ ဦးသန်းကျော်စိုးကို တစ်နာရီကျော်အကြာတွင် လည်းကောင်း ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့သည်။
ရေနစ်သေဆုံးသူနှစ်ဦး၏ ရုပ်အလောင်းကိုမိုးစေတနာပရဟိတအသင်းမှ အသင်းဝင်များနှင့် မြတ်မေတ္တာလူမှုကူညီရေးအသင်းမှ အသင်းဝင်များက သူနာတင်ယာဥ်ဖြင့် သင်္ဃန်းကျွန်းမြို့နယ်ရှိစံပြဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
