၂၂.၉.၂၀၂၆
Written by Linn Eain
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအတွက် ဆေးတက္ကသိုလ်များ၊ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များသို့ ဝင်ခွင့်လျှောက်ထားရာတွင် တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာစာအိတ်များကို စက်တင်ဘာ ၂၈ ရက်မှ အောက်တိုဘာ ၁၆ ရက်အထိ ပိတ်ရက်မရှိ လက်ခံသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်ထားသည်။
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီး ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန အောက်ရှိ ဆေးတက္ကသိုလ်များ၊ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်တစ်ခုခုသို့ ပထမဦးစားပေးလျှောက်ထားလိုသူများအနေဖြင့် တက္ကသိုလ်ဝင်ခွင့်စိစစ်ရွေးချယ်ရေးအဖွဲ့ (အဆင့်မြင့်ပညာဦးစီးဌာန) မှ ထုတ်ပေးသည့် တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာစာအိတ်ဖြင့် လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ တက္ကသိုလ်ဝင်ခွင့်လျှောက်ထားရာတွင် ဆေးဝါးတက္ကသိုလ်များ၊ ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ်များ၊ သူနာပြုတက္ကသိုလ်များနှင့် အခြေခံကျန်းမာရေးတက္ကသိုလ်သို့ ပထမဦးစားပေးလျှောက်ထားသူများသည် တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာစာအိတ်ကို ပညာရေးဝန်ကြီးဌာနအောက်ရှိ လျှောက်လွှာတင်သွင်းရန် သတ်မှတ်ထားသောတက္ကသိုလ်များသို့ ပေးပို့လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။
သို့သော် ဆေးတက္ကသိုလ်များနှင့် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များသို့ ပထမဦးစားပေး လျှောက်ထားသူများအတွက်မူ တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာစာအိတ်ကို ဖော်ပြပါလျှောက်လွှာ လက်ခံမည့်နေရာ (၈)ခုအနက် တစ်ခုခုသို့ တိုက်ရိုက်ပေးပို့ လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ လျှောက်လွှာလက်ခံမည့်နေရာ (၈)ခုမှာ (က) ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန (နေပြည်တော်)၊ (ခ) ဆေးတက္ကသိုလ်(၁) ရန်ကုန်၊ (ဂ) ဆေးတက္ကသိုလ် (၂) ရန်ကုန်၊ (ဃ) ဆေးတက္ကသိုလ်၊ မန္တလေး၊ (င) ဆေးတက္ကသိုလ်၊ မကွေး၊ (စ) ဆေးတက္ကသိုလ်၊ တောင်ကြီး၊ (ဆ) သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် (ရန်ကုန်)၊ (ဇ) သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် (မန္တလေး)တို့ဖြစ်သည်။
ဆေးတက္ကသိုလ်များ၊ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များ၏ ဝင်ခွင့်ရွေးချယ်ရေးကို တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်တွင် ဖော်ပြထားသည့်အတိုင်း ရွေးချယ်မည်ဖြစ်သဖြင့် တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်ကို သေချာစွာဖတ်ရှုပြီးမှသာ ဝင်ခွင့်လျှောက်ထားရန်လည်း ကျန်းမာရေးဝန်ကြီးဌာနက အသိပေးနှိုးဆော်ထားသည်။
အဆိုပါ တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာစာအိတ်ကို ၂၀၂၆-ခုနှစ်၊ စက်တင်ဘာ (၂၈) ရက်မှ အောက်တိုဘာ (၁၆) ရက်အထိ စနေနေ့၊ တနင်္ဂနွေနေ့နှင့် ရုံးပိတ်ရက်များအပါအဝင် (ပိတ်ရက်မရှိ) လက်ခံမည်ဖြစ်ကြောင်း အသိပေးနှိုးဆော်ထားကြောင်း သိရသည်။
