၂၂.၉.၂၀၂၆
Written by Linn Eain
ကလေးမြို့တွင် နေအိမ်အတွင်းမှ ငွေကျပ် ၁ ဒသမ ၉ ဘီလီယံတန်ဖိုးရှိ စိတ်ကြွဆေးပြားများ၊ လားရှိုးမြို့တွင် သိန်း ၁၆၀၀ ခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် မိုးညှင်းမြို့နယ်တွင် သိန်း ၃၀၀ ကျော်တန်ဖိုးရှိ ဘိန်းစိမ်းများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတား ဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့၏ စက်တင်ဘာ ၂၁ ရက်ထုတ်ပြန်မှုအရ သိရသည်။
ကလေးမြို့၌ စက်တင်ဘာ ၁၅ ရက်၊ ည ၁၀ နာရီခန့်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ချမ်းမြေ့အောင်စည်ရပ်ကွက်နေ မညန်ရှန်းဝုန်(ခ)ဝုန်ပီး(ခ)ချင်းမ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ စိတ်ကြွဆေးပြား ၇၆၀,၀၀၀ ပြား (တစ်ပြားလျှင် ငွေကျပ် ၂၅၀၀ နှုန်းဖြင့် ၎င်းဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၉ ဘီလီယံ)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား သိမ်းဆည်းဖမ်းဆီးမိခဲ့ပြီး မညန်ရှန်းဝုန်(ခ)ဝုန်ပီး(ခ)ချင်းမ(၃၇)နှစ်အား ကလေးမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
ဆက်လက်၍ လားရှိုးမြို့၊ ရပ်ကွက်(၁၂)၊ ဈေးတန်းလမ်းနေ စိုင်းရွှေအောင်(ခ)စိုင်းလုံ၏ နေအိမ်အား စက်တင်ဘာ ၁၇ ရက်၊ ည ၇ နာရီခန့်တွင် ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ မနန်းအုန်းကြည်(ခ)အေးအောင်ကိုတွေ့ရှိပြီး နေအိမ်အတွင်းမှ ဘိန်းဖြူ အလေးချိန် ၅ ဂရမ်(ဒေသကာလတန်ဖိုးငွေကျပ် ၁ သိန်း)၊ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် Happy Water အလေးချိန် ၂.၉၀၅ ကီလို(ဒေသကာလတန်ဖိုးငွေကျပ် ၁,၃၀၇.၂၅ သိန်း)၊ အိုက်စ်(မက်သ်အဖက်တမင်း)အလေးချိန် ၉၀၀ ဂရမ်(ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၁၈၀)၊ အက်တက်စီဆေးပြား ၅၀၀ ပြား(ဒေသကာလတန်ဖိုးငွေကျပ် ၁၂၅ သိန်း)၊ Happy Water ပြုလုပ်ရာတွင်အသုံးပြုသည့် အဖြူရောင်အမှုန့် ၃၆၀ ဂရမ်(ဒေသကာလတန်ဖိုးငွေကျပ် ၁၂.၆ သိန်း) စုစုပေါင်းတန်ဖိုး ကျပ် ၁၆၂၅ သိန်းနှင့် လက်ကိုင်ဖုန်း ၁ လုံး၊ ဆက်စပ်ပစ္စည်းများနှင့်အတူ သိမ်းဆည်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် စိုင်းရွှေအောင်(ခ)စိုင်းလုံ(၆၄)နှစ် နှင့် မနန်းအုန်းကြည်(ခ)အေးအောင်(၆၀)နှစ်တို့အား လားရှိုးနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
ထို့အတူ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၁၇ ရက်၊ နေ့လယ် ၁၂ နာရီခွဲခန့်တွင် မိုးညှင်းမြို့နယ်၊ နန့်စီးအောင်ကျေးရွာအနီးတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် ကျော်လင်း မောင်းနှင်လာသည့် MAZDA အမျိုးအစား မော်တော်ယာဉ်များအား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော ဘိန်းစိမ်း အလေးချိန် ၂၆ ကီလို(ဒေသကာလတန်ဖိုးငွေကျပ် ၃၁၂ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား သိမ်းဆည်း ဖမ်းဆီးခဲ့ပြီး ကျော်လင်း(၅၃)နှစ်အား မိုးညှင်းမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
