နေမိုး
၂၂. ၉. ၂၀၂၆
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ ဗားကရာလမ်း၊ စမ်းချောင်းလင့်ခ်စျေးတန်းတွင် စက်တင်ဘာ ၁၇ ရက် ညနေက ကျောင်းသားနှစ်ဦးကို ဓားဖြင့်ထိုးသွားသူများအနက် အမျိုးသမီးတစ်ဦးနှင့် အမျိုးသား ၇ ဦးကို စက်တင်ဘာလ ၂၁ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
လူမှုကွန်ရက်တွင် ပျံ့နှံ့လာသော ရုပ်သံများအရ ပထမနှစ်ကျောင်းသားနှစ်ဦးဖြစ်သော မောင်ဇင်ဝင်းထွဋ်နှင့် မောင်အာကာကျော်ဆိုသူနှစ်ဦးအား အမျိုးသမီးတစ်ဦးပါဝင်သော လူငယ်တစ်စုက ဝိုင်းဝန်းရိုက်နှက်ထိုးကြိတ်ကာ ဓားဖြင့်ထိုးသည့်ရုပ်သံ လူမှုကွန်ရက်တွင် တွေ့ရသလို ဓားထိုးခံရသော ကျောင်းသားနှစ်ဦးမှာ စိုးရိမ်ဒဏ်ရာများဖြင့် ကုသမှုခံယူနေရသောကြောင့် စမ်းချောင်းမြို့မရဲစခန်းက တရားခံများဖော်ထုတ်နိုင်ရေးကြိုးပမ်းခဲ့သည်ဟု သိရသည်။
ကျူးလွန်သူများ ဖမ်းမိရေး ရဲတပ်ဖွဲ့က CCTV မှတ်တမ်းများကိုစစ်ဆေးရာ ပြစ်မှုကျူးလွန်သူများဖြစ်သော ရွှေရည်ဝတီ (ခ) သဒ္ဒါ (၁၈ နှစ်)၊ သူရိန်ထွန်း (၁၈ နှစ်)၊ ဇင်ကို (၁၈ နှစ်)၊ နိုင်မင်းခန့် (၁၇ နှစ်)၊ အောင်အောင်ဦး (၂၁ နှစ်)၊ အောင်မြတ်သူ (၁၄ နှစ်)၊ မင်းထက်ကျော် (၁၇ နှစ်)၊ ပြည့်စုံအောင် (၁၆ နှစ်)တို့ကို ဖမ်းဆီးရမိပြီး ပြစ်မှုကျူးလွန်သူများထဲမှ အသေးလေးမှာ ထွက်ပြေးတိမ်းရှောင်နေသည်ဟု NOM က ဖော်ပြသည်။
ကနဦးစုံစမ်းစစ်ဆေးမှုအရ မောင်အာကာကျော်သည် ၎င်းနှင့်သိကျွမ်းသော ရွှေရည်ဝတီ (ခ) သဒ္ဒါအား တယ်လီဂရမ်မှနောက်ပြောင်သည်ကို မကျေနပ်သော ရွှေရည်ဝတီ၏ ရည်းစား သူရိန်ထွန်းက လူအုပ်စုဖွဲ့ခေါ်လာပြီး ရွှေရည်ဝတီကို ထိုကျောင်းသားနှစ်ဦးအား ဖုန်းဆက်ချိန်းဆိုစေကာ ကျောင်းသားနှစ်ဦးရောက်လာချိန် ဓားဖြင့်ထိုးခြင်း၊ ကျောက်ခဲဖြင့် ဦးခေါင်းကိုထုခြင်း၊ ဝိုင်းဝန်းထိုးကြိတ်ခြင်းများ ကျူးလွန်ခဲ့သည်ဟု သိရသည်။
ထိုသို့ ကျောင်းသားနှစ်ဦးကို အုပ်စုဖွဲ့ထိုးကြိတ်၊ ဓားဖြင့်ထိုး၊ ကျောက်ခဲဖြင့်ထုသည့် တရားခံများကို စမ်းချောင်းမြို့မ ရဲစခန်းက (ပ) ၃၈၉/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ၂၉၄၊ ၃၂၃၊ ၃၂၄၊၅၀၆/၁၁၄ ဖြင့် အမှုဖွင့်အရေးယူထားကာ ကျန်တရားခံကို ဆက်လက်ဖမ်းဆီးနိုင်ရေး ကြိုးပမ်းနေကြောင်း သိရသည်။
