



၂၂.၉.၂၀၂၆
Written by Linn Eain
ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်ရှိ
ငဝန်တာ ရေဝင်လမ်းကြောင်း ပိတ်ဆို့ရေးတွင် Sheet Pile အားလုံး စက်တင်ဘာ ၂၂ ရက်၊ နေ့လယ် ၁၂ နာရီတွင် အပြည့်အဝ ရိုက်သွင်းပိတ်ဆို့နိုင်ခဲ့ပြီးအရေးကြီးလုပ်ငန်းစဉ် အောင်မြင်စွာပြီးစီးခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။
မိဘပြည်သူများ စိုးရိမ်ပူပန်နေကြသည့် ငဝန်တာ ရေဝင်လမ်းကြောင်းအား အပြီးသတ် ပိတ်ဆို့နိုင်ရေး အတွက် အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိရာ Sheet Pile အားလုံးကို အပြည့်အဝ ရိုက်သွင်း ပိတ်ဆို့နိုင်ခဲ့ပြီး သတင်းကောင်းပါးအပ်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့က လူမှုကွန်ယက်ကတစ်ဆင့် ထုတ်ပြန်ခဲ့သည်။
ထို့ပြင် ရေစီးသန်သည့် အခက်အခဲကြားမှ Sheet Pile များဖြင့် ပိတ်ဆို့နိုင်ခဲ့ပြီးဖြစ်သည့်အပြင် အဆိုပါ ရိုက်ပြီးသား Sheet Pile များနှင့် တာတမံရေရှည်ပိုမိုခိုင်မာတောင့်တင်းစေရေးအတွက် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိသည့်လုပ်ငန်းစဉ်များကိုလည်း မနားတမ်း အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း တိုင်းအစိုးရအဖွဲ့က အသိပေးထုတ်ပြန်ထားသည်။
ဆက်လက်၍ ရေဝင်လမ်းကြောင်းကို ထိရောက်စွာ အဟန့်အတားပြုလုပ်နိုင်ခဲ့ပြီဖြစ်သဖြင့် ကျန်ရှိနေသည့် ရေတား/ ရေပိတ် လုပ်ငန်းစဉ်များအားလုံး ရာနှုန်းပြည့် အောင်မြင်စွာပြီးစီးအောင် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
