
(ယူကရိန်းက ရုရှားကို စစ်နိုင်မည်ဟုဆိုကာ စစ်တိုက်ရန် မြှောက်ထိုးပင့်ကော် ထောက်ပံ့ပေးခဲ့သည့် အမေရိကန်ပြည်ထောင်စု၏ အစိုးရအဖွဲ့သတင်းများကို အထူးပြုဖော်ပြလေ့ရှိသော The Hill သတင်းဌာနက ဖော်ပြခဲ့သည့် The mad king of Kyiv: Why Zelensky can’t afford to end the war”ကို ဆီလျော်သလို ပြန်ဆိုထားပါသည်။)
၁၉.၂.၂၀၂၅
Translated by Htwe Ko Tun
လက်ရှိယူကရိန်းသမ္မတဖြစ်တဲ့ ဗိုလိုဒီမာ ဇယ်လန်စကီး ဟာ ဆယ်စုနှစ်နဲ့တောင်မချီသေးတဲ့ ၂၀၁၉ ခုနှစ် ရွေးကောက်ပွဲမတိုင်ခင်ကာလကတော့ သူ့ကို ယူကရိန်းမှာ လူရွှင်တော်တစ်ယောက်အဖြစ် ပိုလို့ သိကြတာပါ။
ဇယ်လန်စကီး ကလည်း အဲဒီတုံးက ရုပ်မြင်သံကြားမှန်သားပြင်မှာ သမ္မတတစ်ယောက်အဖြစ်ကို စိတ်ကူးယဉ်ရင်း သရုပ်ဆောင်ခဲ့ရတာပါ။ ဒီနောက်မှာတော့ ကံကြမ္မာအလှည့်အပြောင်းကလည်း ဖြစ်လာလေတော့ သူ့ရဲ့ စိတ်ကူးယဉ်အိပ်မက်က ၂၀၁၉ ခုနှစ်မှာတော့ တကယ်ဖြစ်လာခဲ့ပါတယ်။ သမိုင်းမျက်နှာပြင်မှာ သူက နိုင်ငံခေါင်းဆောင်တစ်ယောက်အနေနဲ့ ကမ္ဘာ့စင်မြင့်ပေါ် ရောက်လာခဲ့ပြီး အစွန်းမရောက်တဲ့ လူရွှင်တော်ဖျော်ဖြေရေးသမားဘဝကနေ အပြည်ပြည်ဆိုင်ရာ ခုခံတော်လှန်ရေးသမားအဖြစ်ပါ ဇယ်လန်စကီးက အသွင်ပြောင်းလဲရောက်ရှိခဲ့တာပါပဲ။
ဒီနောက်မှာတော့ နေ့ချင်းညချင်းဆိုသလိုပါပဲ မီဒီယာတွေက သူ့ကို လက်နက်ချထွက်ပြေးဖို့ ငြင်းဆန်တဲ့ သူရဲကောင်း၊ နိုင်လိုမင်းထက်ပြုမှုကို လက်မခံဆန့်ကျင်သူ စစ်ဘုရင်၊ ရဲစွမ်းသတ္တိနဲ့ပြည့်စုံတဲ့ ကီးအက်ဗ်မြို့က ချာချီ အဖြစ် အမျိုးမျိုးမြှောက်ထိုးပင့်ကော်လုပ်ကာ ပုံဖော်ခဲ့ကြပါတယ်။
ဒါပေမယ့် ဇယ်လန်စကီးကို ဒီလိုပုံဖော်မှုဇာတ်လမ်းက လုံးလုံးကြီးကို မှားနေတယ်လို့ ခုအချိန်မှာ မေးခွန်းထုတ်စရာဖြစ်လာပါပြီ။ သူ့အဖို့လည်း ဒီဇာတ်လမ်းမှာ အထက်ကပြောခဲ့သလို သူရဲကောင်းကြီးဖြစ်ရမယ့်အစား သူ့ပြည်သူတွေ ကောင်းကျိုးမကြည့်နိုင်တဲ့၊ စစ်ပွဲအဆုံးသတ်ရေးကို စွမ်းဆောင်နိုင်စွမ်းမရှိတဲ့ ခေါင်းဆောင်တစ်ဦးသာ ဖြစ်လာနေပါတယ်။ ဒါကလည်း စစ်ပွဲကိုအဆုံးသတ်လို့ ငြိမ်းချမ်းရေးရယူလိုက်တာက ဇယ်လန်စကီးအဖို့ ကျဆုံးခန်းမို့ပေပဲလား မေးရတော့မှာပါ။
ခေါင်းဆောင်ကောင်းတစ်ယောက်ဆိုတာက သူ့နိုင်ငံ တည်တံ့ခိုင်မြဲရေးကိုသာ ပထမဆုံးဦးစားပေးရပါ တယ်။ ဘယ်အချိန်မှာဖြင့် နိုင်ငံအတွက် စစ်ခင်းဖို့လိုပြီဆိုတာသိရပါမယ်။ ပိုအရေးကြီးတာ ဘယ်အချိန် မှာ တော့ ညှိနှိုင်းဆွေးနွေးသင့်ပြီဆိုတာ သိရပါမယ်။ ဒါပေမယ့် ဇယ်လန်စကီး တစ်ယောက်ကတော့ သူ့ရဲ့ အာ ဏာဩဇာတည်မြဲရေး စစ်ပွဲပြီးစစ်ပွဲ အပေါ်မှာသာဆက်ဆက်ပြီး မှီတည်နေခဲ့တယ်လို့ ဆိုရတော့မှာပါ။

ယူကရိန်းစစ်တပ်က စစ်သားတွေ စွန့်ခွာဘက်ပြောင်းမှုတွေဖြစ်လာတာရယ်၊ အတင်းအကျပ် စစ်မှုထမ်းစေတဲ့ အရှုပ်အထွေးတွေကြောင့် ပြန်ပေးဆွဲခံရတာနဲ့ ဆင်ဆင်ဖြစ်ရပ်တွေတောင် ဖြစ်လာရပြီး ယူကရိန်းစစ်ပွဲအလားအလာ ပိုမိုဆိုးဝါးလာနေချိန်မှာပဲ ဇယ်လန်စကီး က စစ်အုပ်ချုပ်ရေးကို နောက်တစ်ကြိမ်သက်တမ်းတိုး လိုက်ပြန်တာက တိုက်ဆိုင်မှုလို့တော့ ဆိုလို့ရမှာ မဟုတ်ပါဘူး။ ယူကရိန်းမှာက ငြိမ်းချမ်းရေးဆွေးနွေးပွဲဆိုတာမရှိပါ။ ရွေးကောက်ပွဲဆိုတာလည်း ရှိမှာမဟုတ်ပါဘူး။ ဒီအခြေအနေက နိုင်ငံအနေနဲ့ စစ်ဘေးမှ ဘယ်လို လွတ်လမ်းမှလည်း မတွေ့ရပါဘူး။ ဘာကြောင့်ပါလဲ၊ တကယ်လို့သာ စစ်ပွဲပြီးဆုံးလို့က ဇယ်လန်စကီးအဖို့ သူရဲ့ သမ္မတတာဝန်လည်း စွန့်လွှတ်ရတော့မှာပါ။ ဒီတော့ သူကတော့ စစ်ပွဲကို ဆက်တိုက်နေမှာပဲလို့သာ ဆိုပါရစေ။
အဓိကအားဖြင့် အနောက်နိုင်ငံတွေအဖို့တော့ မီဒီယာတွေမှာ ကွာခြားချက်ကို ခွင့်ပြုကြမှာ မဟုတ်ပါဘူး။ ရှင်းရှင်းလေးပါ။ ပူတင်က လူကြမ်းကြီးဖြစ်ပြီး ဇယ်လန်စကီးက သူရဲကောင်းကြီးဖြစ်ရမှာပါ။ ဒီအနှောင်အဖွဲ့ ဖော်ပြချက် အပြင်ဘက်ရောက်သွားရင်ဖြင့် ရုရှားလိုလားတဲ့ဝါဒဖြန့်မှုလို့ အမည်တပ်ခံရမှာပါ။ဒါပေမယ့် လက်တွေ့မှာ ဇယ်လန်စကီးက ဒီမိုကရေစီကိုကာကွယ်တဲ့ သူရဲကောင်း စစ်သားကြီးလည်း မဟုတ်ပါဘူး။ ယူကရိန်းကလည်း ဒီမိုကရေစီနိုင်ငံနဲ့ ဆင်ဆင်လေးတူရုံသာရှိတဲ့နိုင်ငံလို့ ဆိုရမှာပါ။
၂၀၂၂ ခုနှစ်မှာ ရုရှားတပ်ဖွဲ့တွေ ယူကရိန်းကို ဝင်ရောက်တိုက်ခိုက်ကတည်းက ဇယ်လန်စကီးက အတိုက်အခံပါတီတချို့ကို ပိတ်ပင်ခဲ့ပါတယ်။ တချို့သောမီဒီယာတွေကိုလည်း ပိတ်ပင်ခဲ့ပြီး စစ်ပွဲကာလမှာ မဲပေးပွဲကျင်းပဖို့ မဖြစ်နိုင်ဘူးဆိုကာ သမ္မတရွေးကောက်ပွဲကိုလည်း ရွှေ့ဆိုင်းခဲ့ပါတယ်။ ယူကရိန်း စစ်သားတွေ အတွက်တော့ ကတုတ်ကျင်းတွေထဲ ဆက်နေကြပြီး အရပ်သားပြည်သူတွေကတော့ အချိန်အကန့်အသတ် မရှိတဲ့ စစ်အုပ်ချုပ်ရေး အောက်မှာပဲ နေကြဦးလို့ ပြောသလိုပါပဲ။
ယူကရိန်းက လက်ရှိမှာလည်း တကယ့်ကို ဆိုးဝါးတဲ့ အခြေအနေမှာ ရောက်နေတာပါ။ နိုင်ငံအတွက် ဆိုး ဝါးမှုတွေမှာ လူသားအရင်းအမြစ်တွေ နည်းလာတာလည်း ပါမှာပါ။ ဒါကြောင့်လည်း ဇယ်လန်စကီးအဖို့ လမ်းတွေပေါ်မှာ စစ်သားသစ်စုဆောင်းဖို့ လူရှာနေရပါတယ်။ ကဖီးဆိုင်တွေ၊ ညကပွဲရုံတွေကနေ ယူကရိန်း အမျိုးသားတွေကို ဆွဲခေါ်ကာ ဗင်ကားတွေထဲကို ရာဇဝတ်ကောင်တွေလို ပစ်ထည့်ခံရတဲ့ သတင်းတွေ ကတော့ မရေမတွက်နိုင်အောင်ပါပဲ။

စစ်အုပ်ချုပ်ရေးက ထွက်လမ်းလုံးဝမရှိဘူးလို့ ဆိုရမှာပါ။ ယူကရိန်းပြည်သူတွေအနေနဲ့ နိုင်ငံပြင်ပကိုလည်းထွက်ခွာသွားလို့ မရပါဘူး။ ငြင်းလို့လည်း မရပါဘူး။ ဒါဟာ ယုံကြည်မှုရှိနိုင်တဲ့ အစိုးရမျိုးမဟုတ်ပါဘူး။ဒါက အာဏာနဲ့ သူပဲ အုပ်ချုပ်လိုတဲ့ ထင်ရာစိုင်းတဲ့အစိုးရတစ်ခုရဲ့ အပြုအမူလို့ ပြောရမှာပါ။
ဒီတော့ စစ်ပွဲကလည်း ဆက်လို့ဖြစ်နေအုံးမှာပါ။ ဇယ်လန်စကီး အဖို့လည်း အာဏာကိုဆက်လို့ ချုပ်ကိုင် ထားနိုင်ဖို့ရာ တစ်ခုတည်းသော ထွက်ပေါက်က စစ်ပွဲပါ။ တကယ်လို့များ ရွေးကောက်ပွဲကျင်းပခဲ့ရင် သူ့အဖို့က ရှုံးဖို့ကလည်း သေချာသလောက်ပါ။ သူ့အတွက် ကျရှုံးခန်းကို ပိုလို့ဖြစ်စေမှာပါ။ ဒီတော့ သူက ပိုလို့အချိန်ဆွဲလာတာနဲ့အမျှ စစ်ပွဲမှာ ယူကရိန်းအဖို့ ဘယ်လိုမှမနိုင်တော့ဘူးဆိုတာ သိသာမြင်သာလာပါပြီ။ စစ်ပွဲ စတင်တဲ့ အစောပိုင်းကတော့ နိုင်ငံတကာကလည်း ယူကရိန်းအနေနဲ့ ရုရှားထိုးစစ်ကို ကောင်းကောင်း တောင့်ခံနိုင်မယ်လို့ အပြုသဘောမြင်ခဲ့ကြပါတယ်။ ယူကရိန်းကို အကြီးမားဆုံး စစ်လက်နက်ပစ္စည်း ထောက်ပံ့သူဖြစ်တဲ့ အမေရိကန်တောင် ထောက်ပံ့မှုက ကျဆင်းလာရပြီး အမေရိကန်အစိုးရအတွင်းပိုင်း ပုဂ္ဂိုလ်တွေထဲက ဒီစစ်ပွဲမှာ ယူကရိန်းနိုင်ဖို့ မဖြစ်နိုင်ဘူးဆိုတာ ဝန်ခံလာကြပါတယ်။
ဇယ်လန်စကီးရဲ့ စွန့်စားခန်းကြီးက အသစ်အဆန်းတေ့ာ မဟုတ်ဘူး ဆိုရမှာပါ။ သမိုင်းမှာလည်း သူတို့ နိုင်ငံတွေ တစ်စစီပြိုကွဲရတာတောင် အာဏာကို ဖက်တွယ်ထားတဲ့ခေါင်းဆောင်တွေ အများကြီး တွေ့ခဲ့ဖူးပါတယ်။ ကိုယ့်တိုင်းပြည်က ခြေကုန်လက်ပန်းကျနေချိန်မှာပဲ ရုရှားကို စစ်ပွဲဆင်နွဲခဲ့တဲ့ ပြင်သစ်ဘုရင် နပိုလီယံ ဘိုနာပတ် ဆိုရင် နောက်ဆုံး ပြည်နှင်ဒဏ်ပေးခံခဲ့ရပါတယ်။
ဒီထက်ပိုပြီး နီးနီးကပ်ကပ်ဆိုရရင် ဒီလို အာဏာကိုဖက်တွယ်ထားမှုတွေကြောင့် နောက်ဆုံးကျဆုံးကိန်း ကြုံကြရတဲ့ အီရတ်ခေါင်းဆောင်ဟောင်း ဆက်ဒမ်ဟူစိန်၊ လစ်ဗျားခေါင်းဆောင်ဟောင်း ကဒါဖီနဲ့ ဇင်ဘာဘွေနိုင်ငံက ရောဘတ် မူဂါဘီ တို့ကိုပဲ ပြရမှာပါ။ အခုဆိုရင်လည်း ဇယ်လန်စကီး အနေနဲ့ ကိုယ် အုပ်ချုပ်တဲ့နိုင်ငံ တိုးတက်သာယာဝပြောရေးထက် ကိုယ်တိုင် သာယာဝပြောရေးအတွက် ဦးစားပေးကြတဲ့ ခေါင်းဆောင်တွေစာရင်းမှာ ပါဝင်လာပြီလို့ပဲ ဆိုရတော့မှာပါ။
ဒီမှာ မီဒီယာတွေကတော့ အမြဲတန်းလိုလိုပါပဲ မခံမရပ်နိုင်ဖြစ်ရတဲ့ ဇယ်လန်စကီး၊ မပြိုကွဲနိုင်တဲ့ ယူကရိန်း၊ ဒီမိုကရေစီအတွက် မြင့်မြတ်တဲ့တိုက်ခိုက်မှု စတဲ့စကားလုံးတွေနဲ့ သွေးထိုးပေးခဲ့ကြတာလို့ ဆိုချင်ပါတယ်။ ဒါ့ပြင် နောက်ထပ် လက်နက်ထောက်ပံ့မှုတွေ၊ နောက်ထပ် အကူအညီပေးမှုတွေ မရှိရင်ဖြင့် ဒီပဋိပက္ခ က ပြီးသင့်တာ ကြာလှပြီလို့ပဲ ဆိုရမှာပါ။
ဒီစစ်ပွဲမှာ အမှန်တရားရလဒ်ကလည်း စိတ်ပိုင်းဆိုင်ရာထင်မြင်ယူဆချက်တွေနဲ့ လွဲခဲ့ပြီလို့ ပြောရမှာပါ။ ဒီမှာရက်စက်တယ်ပြောမလား၊ ကြမ်းကြုတ်တယ်ပြောမလား၊ အမှန်တရားကတော့ ယူကရိန်းဟာ စစ်ရှုံးနေပါပြီ။ ဒါကို ဇယ်လန်စကီးကလည်း စစ်ရှုံးဖို့ရာသေချာနေပြီလို့ပဲ ဆိုရမှာပါ။
စဉ်းစားဆင်ခြင်နိုင်တဲ့ ခေါင်းဆောင်တစ်ယောက်ဆိုရင်တော့ ဒီအချိန်မှာ မလွဲသာမရှောင်သာ ကျရှုံးမှုနဲ့ ကြုံဖို့ အချက်ပြ သတိပေးနေပြီဆိုတာ ကောင်းကောင်းသိမှာပါ။ ဒါဆိုရင်တော့ ထ်ခိုက်နာကျင်ရမှုတွေ ဘေးဖယ်ထား၊ ညှိနှိုင်းဆွေးနွေးမှုကို မလွဲမသွေ လုပ်ရတော့မှာပါ။ နိုင်ငံကို ပြာပုံပဲကျန်စေမယ့်အဖြစ်ထက် ရသလောက် အဖတ်ဆယ် ကယ်တင်ရမှာပါ။
ဒါပေမယ့် ဇယ်လန်စကီးက ဆိုခဲ့တာနဲ့ ဆန့်ကျင်ဘက်လမ်းကိုရွေးပြီး ခုချိန်ထိ အလျှော့မပေးသေးပါဘူး။ စစ်နိုင်နေသူကြီးတစ်ယောက်လို ညှိနှိုင်းဆွေးနွေးပွဲကိုလက်မခံသေးပါဘူး။ ဒါကြောင့်မို့လည်း အာဏာရူး ဇယ်လန်စကီးနဲ့တော့ ယူကရိန်းစစ်ပွဲပြီးအောင် ဘယ်လိုလုပ်နိုင်ပါ့မလဲ မေးစရာဖြစ်နေပြီလို့သာ ဆိုချင်ပါတော့တယ်။
Ref- The Hill
