သတိုး
၆. ၅. ၂၀၂၆
ဘင်္ဂါလီအကြမ်းဖက် လက်နက်ကိုင်ခေါင်းဆောင်များ၊ အဖွဲ့ဝင်များကို ဒုက္ခသည်အမည်ခံကာ လက်ခံထားသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ကော့ဘဇားခရိုင်၊ ယူကီးယားရှိ ဘင်္ဂါလီဒုက္ခသည်စခန်းတွင် အင်္ဂါနေ့ (မေလ ၅ ရက်) ညနေပိုင်းက လက်နက်ကိုင်တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပြီးနောက် ဘင်္ဂါလီလက်နက်ကိုင်အဖွဲ့ Arakan Rohingya Organisation (ARO) အဖွဲ့၏ ခေါင်းဆောင်ဖြစ်သူ အဗ္ဗဒူလ် ဟာလင်း (ခေါ်) ကီဖာယက် အူလာ ကျည်ထိမှန် သေဆုံးသွားခဲ့ကြောင်း သိရသည်။
◾ ARO တည်ထောင်သူကို ARSA သတ်ဖြတ်
ဖြစ်စဉ်မှာ မေလ ၅ ရက် ညနေ ၆ နာရီခွဲနှင့် ၇ နာရီခွဲဝန်းကျင်တွင် နူကာရ်မသ် (Noukarmath) ရဲစခန်းအပိုင်၊ ကူတူပါလောင် စခန်းအမှတ် (၇) နှင့် စခန်းအမှတ် (၈) အရှေ့ပိုင်းကြားရှိ တာဂျားရ်(Tarjar) တံတားအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ဒုက္ခသည်စခန်းအမှတ် (၇)၊ Block F/2 တွင် နေထိုင်သူအသက် ၄၅ နှစ်အရွယ်ရှိ အဗ္ဗဒူလ် ဟာလင်းနှင့် ၎င်း၏ လုပ်ဖော်ကိုင်ဘက် နှစ်ဦးတို့သည် ဘာလုခါလီစခန်းရှိ ဈေးတစ်ခုမှ ဆိုင်ကယ်ဖြင့်အပြန် တံတားအနီးသို့ ရောက်ရှိစဉ် ချောင်းမြောင်းနေသည့် ARSA ဟု ယူဆထားသည့် လက်နက်ကိုင်တစ်စုက အဆက်မပြတ် ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်မှု ခံခဲ့ရခြင်းဖြစ်သည်။
သေနတ်ဖြင့် အပစ်ခံရမှုကြောင့် ဟာလင်းနှင့်အတူ အသက် ၃၅ နှစ်အရွယ် မိုဟာမက် အူလာနှင့် အသက် ၃၄ နှစ်အရွယ် နူးရ် မိုဟာမက်တို့ ဒဏ်ရာရရှိခဲ့သည်။ ၎င်းတို့ကို MSF ဆေးရုံသို့ အပြေးအလွှား ပို့ဆောင်ကုသခဲ့သော်လည်း ဟာလင်းမှာမူ ရရှိသော ဒဏ်ရာများဖြင့် ည ၈ နာရီခန့်တွင် သေဆုံးသွားခဲ့သည်။

◾ ကျူးလွန်သည့်အဖွဲ့နှင့် နောက်ခံအခြေအနေ
အမှတ် (၁၄) လက်နက်ကိုင်ရဲတပ်ရင်း (APBn) ၏ တပ်မှူး စီရပ်ဂျ် အာမင်၏ အဆိုအရ ဤတိုက်ခိုက်မှုကို ARSA အကြမ်းဖက်အဖွဲ့က ကျူးလွန်ခဲ့ခြင်းဖြစ်သည်ဟု သံသယရှိကြောင်း ထုတ်ဖော်ပြောကြားသည်။
သေဆုံးသူ ဟာလင်းသည် စခန်းအတွင်း လှုပ်ရှားနေသော “Halim Group” ခေါ် Arakan Rohingya Organisation (ARO) ၏ စစ်ဦးစီးချုပ်အဖြစ် တာဝန်ယူထားသူဖြစ်ပြီး ဤဖြစ်စဉ်သည် စခန်းတွင်း ဘင်္ဂါလီအုပ်စုအချင်းချင်း အာဏာလုသည့် ပဋိပက္ခဖြစ်နိုင်ခြေရှိသည်ဟု ယူဆရသည်။

◾ တုံ့ပြန်မှုနှင့် လုံခြုံရေးအခြေအနေ
ဤလုပ်ကြံမှုနှင့် ပတ်သက်၍ Arakan Rohingya Army (ARA) အဖွဲ့က ဝမ်းနည်းကြောင်း သဝဏ်လွှာတစ်ရပ်ကို မေလ ၅ ရက်နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည်။ ၎င်းတို့၏ ထုတ်ပြန်ချက်တွင် စစ်သေနာပတိ ဟာလင်းသည် ဘင်္ဂါလီလူမျိုးစုလွတ်မြောက်ရေးအတွက် ကြိုးပမ်းခဲ့သူဖြစ်ကြောင်းနှင့် ဤသို့လုပ်ကြံမှုများက ၎င်းတို့၏ လှုပ်ရှားမှုကို တားဆီးနိုင်မည်မဟုတ်ကြောင်း ဖော်ပြထားသည်။
လက်ရှိတွင် ယူကီးယားရဲတပ်ဖွဲ့နှင့် လက်နက်ကိုင်ရဲတပ်ရင်း (APBn) လုံခြုံရေးအဖွဲ့များသည် ပြစ်မှုကျူးလွန်သူများကို ဖော်ထုတ်ဖမ်းဆီးနိုင်ရန် စခန်းအတွင်း ထောက်လှမ်းရေးနှင့် လုံခြုံရေးလုပ်ငန်းများကို အရှိန်မြှင့် ဆောင်ရွက်လျက်ရှိသည်။ ဤပစ်ခတ်မှုကြောင့် ကူတူပါလောင်စခန်းနှင့် ပတ်ဝန်းကျင်ဒေသများတွင် လူထုအတွင်း ထိတ်လန့်တုန်လှုပ်မှုများ ဖြစ်ပေါ်နေပြီး နောက်ထပ် အကြမ်းဖက်မှုများ မဖြစ်ပွားစေရန် လုံခြုံရေးတပ်ဖွဲ့ဝင်များက ကင်းလှည့်စောင့်ကြည့်မှုများ တိုးမြှင့်လုပ်ဆောင်နေကြောင်း သိရသည်။
Ref: TOB , Voice 7 & ARA
