◾️ MV Hondius သင်္ဘောပေါ် ကူးစက်မှုအတွင်း ၃ ဦး သေဆုံးခဲ့ကာ အတည်ပြုလူနာ ၅ ဦး ရှိပြီး သံသယလူနာ ၃ ဦး ရှိနေ
သတိုး
၈. ၅. ၂၀၂၆
ဥရောပ အပျော်စီးသင်္ဘောတစ်စီးပေါ်ရှိ ခရီးသည် ၃ ဦးကို သေဆုံးစေခဲ့သော ဟန်တာဗိုင်းရပ်စ် (Hantavirus) ကူးစက်မှုသည် နောက်ထပ်လူနာသစ်များ ထွက်ပေါ်လာနိုင်သော်လည်း ကြိုတင်ကာကွယ်မှုများ ပြုလုပ်ပါက ကူးစက်မှုမှာ “အကန့်အသတ်” (Limited) ဖြင့်သာ ရှိနိုင်မည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။
MV Hondius အပျော်စီးသင်္ဘောပေါ်တွင် ဗိုင်းရပ်စ်ကူးစက်မှု စတင်ပြီးနောက် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများသည် ဟန်တာဗိုင်းရပ်စ် ထပ်မံမပြန့်ပွားစေရန် ကြာသပတေးနေ့တွင် စတင် ထိန်းချုပ်ခဲ့ကြသည်။ ရောဂါပိုးရှိမှန်း မသိမီကပင် သင်္ဘောပေါ်မှ ဆင်းသွားခဲ့သည့် ခရီးသည်များနှင့် ၎င်းတို့နှင့် အနီးကပ်ထိတွေ့ခဲ့သူများကို လိုက်လံခြေရာခံလျက် ရှိသည်။
MV Hondius သင်္ဘောပေါ်ရှိ ကူးစက်မှုအတွင်း ဒတ်ခ်ျဇနီးမောင်နှံနှင့် ဂျာမန်နိုင်ငံသားတစ်ဦး၊ စုစုပေါင်း ၃ ဦး သေဆုံးခဲ့သည်။ WHO ၏ အဆိုအရ လက်ရှိတွင် အတည်ပြုလူနာ ၅ ဦး ရှိပြီး သံသယလူနာ ၃ ဦး ရှိကြောင်း သိရသည်။

လူသေစေနိုင်သော ယခုဗိုင်းရပ်စ်မျိုးကွဲသည် လူအချင်းချင်း ကူးစက်နိုင်သည့်အတွက် ကျန်းမာရေးအရာရှိများက ကူးစက်မှုမြေပုံကို ရေးဆွဲရန် ကြိုးပမ်းနေစဉ်အတွင်း MV Hondius ပေါ်မှ ဖျားနာနေသော အခြားခရီးသည်တစ်ဦးသည် ဥရောပသို့ ရောက်ရှိလာခဲ့သည်။ သင်္ဘောမှာမူ လက်ရှိတွင် စပိန်နိုင်ငံရှိကျွန်းတစ်ခုသို့ ဦးတည်ခုတ်မောင်းနေသည်။
သင်္ဘောပေါ်ရှိ လူ ၃ ဦး သေဆုံးမှုကြောင့် နိုင်ငံတကာတွင် စိုးရိမ်မှုများ မြင့်တက်ခဲ့သော်လည်း ကြွက်များမှတစ်ဆင့် ကူးစက်သည့် ယခုဗိုင်းရပ်စ်သည် ကိုဗစ်-၁၉ လောက် ကူးစက်နိုင်စွမ်း မရှိသည့်အတွက် ကျန်းမာရေးအရာရှိများက ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါကြီးဖြစ်လာမည့် အခြေအနေကို လျှော့ချတွက်ချက်ထားကြသည်။
ဂျီနီဗာမြို့ရှိ သတင်းထောက်များကို WHO အကြီးအကဲ တက်ဒရို့စ် အက်ဒဟနွန် ဂေဘရီယေဆုက ပြောကြားရာတွင် သေဆုံးသူ ၃ ဦးအပါအဝင် စုစုပေါင်း အတည်ပြုလူနာ ၅ ဦးနှင့် သံသယလူနာ ၃ ဦး ရှိကြောင်း ဆိုသည်။
“လူအချင်းချင်း ကူးစက်နိုင်တဲ့ အင်န်ဒီးစ် (Andes) ဗိုင်းရပ်စ်မျိုးကွဲရဲ့ ရောဂါပျိုးချိန်ဟာ ၆ ပတ်အထိ ကြာနိုင်တဲ့အတွက် နောက်ထပ်လူနာသစ်တွေ ထပ်ထွက်လာနိုင်ခြေ ရှိပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
၎င်း၏ ခန့်မှန်းချက်မှာ မကြာမီပင် မှန်ကန်သွားခဲ့ပြီး နယ်သာလန်နိုင်ငံရှိ လေဒင် (Leiden) တက္ကသိုလ် ဆေးဘက်ဆိုင်ရာဌာနက အခြားလူနာတစ်ဦးတွင် ရောဂါပိုးတွေ့ရှိကြောင်း ကြာသပတေးနေ့ နှောင်းပိုင်းတွင် ထုတ်ပြန်ခဲ့သည်။
သို့သော်လည်း WHO ၏ အရေးပေါ်သတိပေးချက်နှင့် တုံ့ပြန်ရေးဆိုင်ရာ ညွှန်ကြားရေးမှူး အက်ဘ်ဒီ ရာမန် မာဟာမွတ်ကမူ “ပြည်သူ့ကျန်းမာရေးဆိုင်ရာ အစီအမံတွေကို လုပ်ဆောင်ပြီး နိုင်ငံတွေအကြား ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် ဒါဟာ အကန့်အသတ်ရှိတဲ့ ကူးစက်မှုတစ်ခုသာ ဖြစ်လိမ့်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်” ဟု အခိုင်အမာ ပြောကြားခဲ့သည်။

ဗိုင်းရပ်စ်ကူးစက်ခံရသည်ဟု ယူဆရသူများကို ဗြိတိန်၊ ဂျာမနီ၊ နယ်သာလန်၊ ဆွစ်ဇာလန်နှင့် တောင်အာဖရိကနိုင်ငံတို့တွင် ဆေးကုသပေးခြင်း သို့မဟုတ် သီးသန့်ခွဲထားခြင်းများ ပြုလုပ်လျက် ရှိသည်။
“ဒါဟာ ကပ်ရောဂါအသွင် (Epidemic သို့မဟုတ် Pandemic) စတင်တာ မဟုတ်ပါဘူး။ ဒါဟာ ကိုဗစ် မဟုတ်ပါဘူး” ဟု WHO ၏ ကပ်ရောဂါကြိုတင်ပြင်ဆင်ရေးနှင့် ကာကွယ်ရေးဆိုင်ရာ ညွှန်ကြားရေးမှူး မာရီယာ ဗန် ကာခို့ဗ်က အလေးပေးပြောကြားခဲ့သည်။
ဟန်တာဗိုင်းရပ်စ်သည် ရောဂါပိုးရှိသော ကြွက်များမှတစ်ဆင့် ပျံ့နှံ့လေ့ရှိသည့် ရှားပါးသောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပြီး အသက်ရှူလမ်းကြောင်းနှင့် နှလုံးဆိုင်ရာ ပြဿနာများအပြင် သွေးယိုစိမ့်မှုဖြစ်စေသော အဖျားရောဂါ (Haemorrhagic fevers) များကို ဖြစ်စေနိုင်သည်။
ယင်းရောဂါအတွက် ကာကွယ်ဆေးနှင့် ကုသဆေး မရှိသေးဘဲ လူနာ၏ ရောဂါလက္ခဏာ သက်သာစေရန်သာ ကုသပေးနိုင်သည့် အခြေအနေဖြစ်သည်။
ခရီးသည်တစ်ဦးသည် အာဂျင်တီးနားတွင် သင်္ဘောပေါ်မတက်မီကပင် ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရပုံရပြီး အတ္တလန်တိတ်သမုဒ္ဒရာကို ဖြတ်သန်းခုတ်မောင်းစဉ် သင်္ဘောပေါ်ရှိ အခြားသူများကို ကူးစက်စေခဲ့ခြင်း ဖြစ်နိုင်သည်ဟု ယူဆရသည်။
ကူးစက်ခံရသည်ဟု ယူဆရသော လူ ၃ ဦးကို ဗုဒ္ဓဟူးနေ့တွင် သင်္ဘောပေါ်မှ ခေါ်ဆောင်သွားခဲ့ပြီး စတုတ္ထမြောက်လူနာမှာ ကြာသပတေးနေ့တွင် နယ်သာလန်နိုင်ငံ၊ အမ်စတာဒမ်သို့ ရောက်ရှိလာခဲ့သည်။
သင်္ဘောမှာမူ စပိန်နိုင်ငံ၊ တီနီရိုက် (Tenerife) ကျွန်းသို့ ခုတ်မောင်းနေပြီး လက်ရှိတွင် သင်္ဘောပေါ်၌ ရောဂါလက္ခဏာပြသူ မရှိတော့ကြောင်း သင်္ဘောကုမ္ပဏီက ဆိုသည်။
ယူကေသို့ ပြန်လည်ရောက်ရှိလာသော ခရီးသည် ၂ ဦးကိုမူ ကြိုတင်ကာကွယ်မှုအဖြစ် နေအိမ်တွင် သီးသန့်နေထိုင်ရန် ညွှန်ကြားထားသည်။ ၎င်းတို့တွင် ရောဂါလက္ခဏာ မရှိသေးသလို အများပြည်သူအတွက် အန္တရာယ်မှာလည်း “အလွန်နည်းပါး” ကြောင်း ဗြိတိန်ကျန်းမာရေးလုံခြုံမှုအေဂျင်စီက ဆိုသည်။
အာဂျင်တီးနားအာဏာပိုင်များကမူ သင်္ဘောစတင်ထွက်ခွာခဲ့ရာ ဥရှူအာရာ (Ushuaia) မြို့ရှိ ကြွက်များကို ဖမ်းဆီးစစ်ဆေးရန် စီစဉ်နေကြသည်။

ဇနီးဖြစ်သူနှင့်အတူ ဥရှူအာရာမြို့မှ သင်္ဘောပေါ်တက်လာခဲ့သော ဒတ်ခ်ျအမျိုးသားတစ်ဦးသည် ဧပြီ ၁၁ ရက်တွင် သင်္ဘောပေါ်၌ သေဆုံးခဲ့သည်။ ၎င်း၏ရုပ်အလောင်းကို ဧပြီ ၂၄ ရက်တွင် စိန့်ဟယ်လီနာ (Saint Helena) ကျွန်း၌ သင်္ဘောပေါ်မှ ချခဲ့ပြီး ထိုကျွန်းတွင် အခြားခရီးသည် ၂၉ ဦးလည်း ဆင်းသွားခဲ့ကြသည်။
သေဆုံးသူ၏ ဇနီးဖြစ်သူမှာ ၎င်း၏အမျိုးသားရုပ်အလောင်းနှင့်အတူ တောင်အာဖရိကသို့ လိုက်ပါသွားခဲ့ပြီး ၁၅ ရက်အကြာတွင် သူမပါ ဖျားနာကာ သေဆုံးခဲ့သည်။ မေလ ၄ ရက်တွင် သူမသေဆုံးရခြင်းမှာ ဟန်တာဗိုင်းရပ်စ်ကြောင့်ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဇနီးမောင်နှံသည် သင်္ဘောမစီးမီက ချီလီ၊ ဥရုဂွေးနှင့် အာဂျင်တီးနားနိုင်ငံများသို့ သွားရောက်ခဲ့ကြသည်။ ဒတ်ခ်ျအမျိုးသမီးသည် ရောဂါလက္ခဏာများ ပြနေချိန်တွင် စိန့်ဟယ်လီနာကျွန်းမှ ဂျိုဟန်နက်စ်ဘာ့ဂ်သို့ လေယာဉ်ဖြင့် ခရီးသွားခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ၎င်းနှင့်အတူ လေယာဉ်တစ်စီးတည်း လိုက်ပါခဲ့သော ခရီးသည် ၈၂ ဦးနှင့် လေယာဉ်အမှုထမ်း ၆ ဦးတို့ကို အာဏာပိုင်များက ခြေရာခံရန် ကြိုးပမ်းလျက် ရှိသည်။
မေလ ၂ ရက်နေ့တွင်လည်း ဂျာမန်ခရီးသည်တစ်ဦး ထပ်မံသေဆုံးခဲ့ပြီး သူမ၏ရုပ်အလောင်းမှာ သင်္ဘောပေါ်တွင် ကျန်ရှိနေဆဲဖြစ်သည်။

ကျန်းမာရေးအာဏာပိုင်များသည် သင်္ဘောပေါ်မှ ဆင်းသွားခဲ့သည့် ခရီးသည်များကို စင်ကာပူအပါအဝင် နိုင်ငံရှစ်ခုတွင် စောင့်ကြည့်နေသည်ဟုလည်း သိရသည်။ ထိုနိုင်ငံများမှာ အမေရိကန်နိုင်ငံတွင် ဗာဂျီးနီးယား၊ တက္ကဆက်၊ ဂျော်ဂျီယာ၊ အရီဇိုးနားနှင့် ကယ်လီဖိုးနီးယားပြည်နယ်တို့တွင် သင်္ဘောပေါ်မှ ဆင်းလာသည့် ခရီးသည်များကို စောင့်ကြည့်နေသည်။ လက်ရှိတွင် ရောဂါလက္ခဏာပြသူ မရှိသေးပေ။ အလားတူ စင်ကာပူနိုင်ငံတွင် အသက် ၆၀ ကျော်အရွယ် အမျိုးသား ၂ ဦးကို သီးသန့်ခွဲခြားထားပြီး စစ်ဆေးမှုများ ပြုလုပ်နေသည်။ တစ်ဦးမှာ နှာစေးသည့် လက္ခဏာရှိနေသည်။
ထို့အပြင် နယ်သာလန်နိုင်ငံတွင် သင်္ဘောမှ လေကြောင်းဖြင့် ပို့ဆောင်ပေးခဲ့သည့် လူနာ ၃ ဦး ဆေးကုသမှု ခံယူနေသည်။ ၂ ဦးမှာ စိုးရိမ်ရသည့် အခြေအနေရှိသည်။ တောင်အာဖရိကတွင်မူ ဗြိတိန်နိုင်ငံသားတစ်ဦး ဂျိုဟန်နက်စ်ဘာ့ဂ်ရှိ အထူးကုဆေးခန်းတွင် အထူးကြပ်မတ်ကုသခံနေရပြီး အခြေအနေ ပြန်လည်ကောင်းမွန်လာနေသည်။ ဆွစ်ဇာလန်တွင်မူ ခရီးသည်တစ်ဦး ကူးစက်ခံထားရကြောင်း အတည်ပြုပြီးနောက် ဇူးရစ်မြို့တွင် ကုသပေးနေသည်။
အလားတူ ယူကေတွင် ဗြိတိန်နိုင်ငံသား ၇ ဦးကို ခြေရာခံ စောင့်ကြည့်နေပြီး အချို့မှာ နေအိမ်တွင် သီးသန့်နေထိုင်နေကြသည်။ ကနေဒါတွင်မူ လူ ၃ ဦး သီးသန့်ခွဲနေထိုင်နေသည်။ ယင်းအနက် တစ်ဦးမှာ သင်္ဘောစီးခဲ့သူမဟုတ်သော်လည်း ခရီးသည်များနှင့် လေယာဉ်တစ်စီးတည်း အတူစီးလာခဲ့သူဖြစ်သည်။ ပြင်သစ်နိုင်ငံတွင်မူ အတည်ပြုလူနာတစ်ဦးနှင့် လေယာဉ်တစ်စီးတည်း အတူပါလာသည့် လူ ၈ ဦးကို ခြေရာခံထားပြီး တစ်ဦးမှာ လက္ခဏာ အနည်းငယ်ပြနေသည်ဟု သိရသည်။
Ref : France 24 & CNN
