◾️ မြန်မာနိုင်ငံအပေါ် အာဆီယံအဖွဲ့ဝင်များ၏ သဘောထားပျော့ပျောင်းလာခြင်းက အထီးကျန်ဖြစ်နေမှုမှ ပြန်လည်လွတ်မြောက်လာရန် မျှော်လင့်ချက်များ မြင့်တက်စေခဲ့
သတိုး
၈. ၅. ၂၀၂၆
၂၀၂၁ ခုနှစ် ပဋိပက္ခ ဖြစ်ပွားအပြီး ငါးနှစ်အကြာတွင် အရှေ့တောင်အာရှနိုင်ငံအချို့သည် မြန်မာနိုင်ငံ၏ အထီးကျန်ဖြစ်နေမှုကို လျှော့ချပေးရန် သဘောထားများ ပျော့ပျောင်းလာကြပြီး အကျပ်အတည်းများ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံအား အာဆီယံမိသားစုအတွင်းသို့ ပြန်လည်ခေါ်ဆောင်ရန် လမ်းစများ ပေါ်ပေါက်လာနိုင်ကြောင်း သံတမန်များက အရိပ်အယောင်ပြသခဲ့ကြသည်။
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများသည် မြန်မာနိုင်ငံခြားရေးဝန်ကြီးနှင့် ဗီဒီယိုကွန်ဖရင့် (Virtual Meeting) မှတစ်ဆင့် တွေ့ဆုံဆွေးနွေးရန် သဘောတူညီခဲ့ကြကြောင်း အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်က ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပနေသည့် အာဆီယံထိပ်သီးအစည်းအဝေးအတွင်း ပြုလုပ်ခဲ့သော အင်တာဗျူးတွင် အထွေထွေအတွင်းရေးမှူးချုပ် ကော့ကင်ဟောင် (Kao Kim Hourn) က မြန်မာနိုင်ငံအနေဖြင့် ၁၁ နိုင်ငံပါဝင်သည့် အာဆီယံအဖွဲ့ကြီးနှင့် ဆက်ဆံရေးများ ပြန်လည်ကောင်းမွန်လာစေရန် ဆန္ဒရှိကြောင်း ပြသခဲ့သော်လည်း၊ အိမ်နီးချင်းနိုင်ငံများကမူ ပဋိပက္ခများ လျှော့ချရေး၊ တွေ့ဆုံဆွေးနွေးရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ပေးအပ်နိုင်မှုတို့တွင် တိုးတက်မှုများ ရှိလာသည်ကို မြင်တွေ့လိုကြကြောင်း ပြောကြားခဲ့သည်။
“မြန်မာနိုင်ငံခြားရေးဝန်ကြီးနဲ့ ထိတွေ့ဆက်ဆံမှုတွေ ပြုလုပ်ဖို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက ဒီနေ့မှာ သဘောတူညီခဲ့ကြတာ ရှင်းရှင်းလင်းလင်း သိသာပါတယ်။ မကြာခင်ကာလအတွင်းမှာ သူတို့တွေ ဗီဒီယိုကွန်ဖရင့်ကနေတစ်ဆင့် အစည်းအဝေးပြုလုပ်သွားမှာပါ” ဟု ၎င်းက ဆိုသည်။
မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်တစ်ဦးအား သက်တမ်းတစ်နှစ်ထက် ပိုမိုတာဝန်ပေးအပ်နိုင်မည့် အခွင့်အလမ်းနှင့် ပတ်သက်၍ ဆက်လက်ဆွေးနွေးနေဆဲဖြစ်ပြီး၊ ဖြေရှင်းရန် လိုအပ်နေသည့် “ဆိုးကျိုးသက်ရောက်နိုင်သော ကိစ္စရပ်များ” (Adverse issues) ရှိနေသေးကြောင်း ၎င်းက ပြောကြားခဲ့သော်လည်း အသေးစိတ်ကိုမူ ထည့်သွင်းပြောကြားခြင်း မရှိခဲ့ပေ။

အာဆီယံထိပ်သီးအစည်းအဝေး၏ အလွတ်သဘောဆွေးနွေးပွဲတစ်ခုတွင် ကမ္ဘောဒီးယားအဆင့်မြင့်အရာရှိတစ်ဦးက မြန်မာနိုင်ငံတွင် အကျဉ်းသား ၄,၀၀၀ ကျော် လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ခြင်းနှင့် ခေါင်းဆောင်ဟောင်း ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့လိုက်ခြင်းတို့သည် ထိတွေ့ဆက်ဆံမှုများ ပိုမိုတိုးမြှင့်လုပ်ဆောင်ရန် အကြောင်းပြချက်များဖြစ်ကြောင်း ပြောကြားခဲ့သည်။
အလားတူပင် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးကလည်း ထိုမှတ်ချက်များကို ထောက်ခံပြောဆိုခဲ့ပြီး ထိုင်းနိုင်ငံကလည်း တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန် လိုအပ်ကြောင်း အရိပ်အယောင်ပြသခဲ့သည်။
လာမည့် နိုဝင်ဘာလတွင် ကျင်းပရန် သတ်မှတ်ထားသည့် ထိပ်သီးအစည်းအဝေးသို့ စစ်ခေါင်းဆောင်အဖြစ်မှသည် သမ္မတအဖြစ် တာဝန်ယူထားသည့် ဦးမင်းအောင်လှိုင်အား တက်ရောက်ရန် ဖိတ်ကြားခြင်း ရှိ၊ မရှိ မေးမြန်းရာတွင် “အာဆီယံအဖွဲ့ဝင်တွေကြားမှာ ဆက်လက်ဆွေးနွေးသွားကြမှာပါ” ဟု ကမ္ဘောဒီးယားနိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၏ နိုင်ငံတော်အတွင်းဝန် ကွန်ဖောက် (Kung Phoak) က ဖြေကြားခဲ့သည်။
ဖိတ်ကြားရန် သေချာပေါက် အာမမခံနိုင်သော်လည်း “မြန်မာနိုင်ငံဟာ အာဆီယံရဲ့ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံ ဖြစ်နေဆဲပါ၊ တစ်ဦးကိုတစ်ဦး ကူညီဖို့ဆိုတာ ကျွန်တော်တို့အားလုံးရဲ့ တူညီတဲ့ တာဝန်ဖြစ်ပါတယ်” ဟု ကွန်ဖောက်က ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။
၂၀၂၁ ခုနှစ် ဖြစ်စဉ်အပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားအရပ်သားခေါင်းဆောင်များ အကျဉ်းချခံထားရပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြည်တွင်းပဋိပက္ခများ ဖြစ်ပွားခဲ့ချိန်မှစ၍ မြန်မာနိုင်ငံသည် အဆင့်မြင့်အစည်းအဝေးများမှ ဘေးဖယ်ထားခြင်း ခံခဲ့ရသည်။ အကြမ်းဖက်မှုများ ရပ်တန့်ရန် ရည်ရွယ်သည့် အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ချက်ကို တပ်မတော်အစိုးရက အကောင်အထည်ဖော်ရန် ပျက်ကွက်ခဲ့ပြီးနောက်ပိုင်း နိုင်ငံရေးနှင့်မသက်ဆိုင်သော ကိုယ်စားလှယ်များကိုသာ အစည်းအဝေးတက်ရောက်ခွင့် ပြုခဲ့ခြင်းဖြစ်သည်။
ထိုင်းနိုင်ငံကလည်း ဆက်လက်ထိတွေ့ဆက်ဆံသွားရန် အလေးပေးပြောဆိုခဲ့ပြီး မြန်မာနှင့် အာဆီယံအကြား “ပေါင်းကူးတံတားတစ်ခုသဖွယ် ကူညီတည်ဆောက်ပေးလိုကြောင်း” ပြောဆိုသော်လည်း နိုင်ငံရေးကိုယ်စားလှယ် တက်ရောက်ခွင့် ကန့်သတ်ချက်များကိုမူ ချက်ချင်းပြောင်းလဲရန် တောင်းဆိုခြင်းမျိုးတော့ မရှိခဲ့ပေ။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ဆူဂီယိုနို (Sugiono) က နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခြင်းနှင့် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့ခြင်းတို့သည် “ကောင်းမွန်သည့် အရိပ်အယောင်နှင့် အပြုသဘောဆောင်သည့် တိုးတက်မှု” ဖြစ်ကြောင်း ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။ ထို့ပြင် တည်ငြိမ်မှု ပြန်လည်ရရှိရန် သက်ဆိုင်သူများအားလုံးနှင့် ထိတွေ့ဆက်ဆံရန် မြန်မာအာဏာပိုင်များကို တိုက်တွန်းခဲ့သည်။
“ဒါက ဘာတွေ ဆက်ဖြစ်လာမလဲဆိုတာ တိတိကျကျ မပြောနိုင်သေးပေမဲ့ ထိတွေ့ဆက်ဆံမှုရဲ့ အရေးပါပုံကိုတော့ အားလုံးက လက်ခံထားကြပါတယ်” ဟု ကွန်ဖောက်က ဆိုသည်။
မြန်မာနိုင်ငံအား အပြည့်အဝ ပြန်လည်ပါဝင်ခွင့်ပြုရန် မည်သည့်လုပ်ဆောင်မှုမဆို ကျန်ရှိသည့် အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံလုံး၏ ဘုံသဘောတူညီချက် လိုအပ်မည်ဖြစ်သည်။ ယခုနှစ် အစည်းအဝေးများကို အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ဖိလစ်ပိုင်နိုင်ငံကမူ အာဆီယံအထူးသံတမန်ကို ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ပေးရန် မြန်မာနိုင်ငံအား တောင်းဆိုထားသည်။
မြန်မာနိုင်ငံသည် ယခုနှစ်အစောပိုင်းတွင် ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး အဆိုပါရွေးကောက်ပွဲတွင် တပ်မတော်နှင့်နီးစပ်သည့် ပါတီက အနိုင်ရခဲ့သည်။ သို့သော် လက်ရှိအချိန်ထိမူ မြန်မာ့ရွေးကောက်ပွဲအား အာဆီယံက အသိအမှတ်ပြုရန် ဘုံသဘောတူညီချက် ရရှိခြင်းမရှိသေးချေ။
“မြန်မာနိုင်ငံ ရွေးကောက်ပွဲရလဒ်တွေကို အသိအမှတ်ပြုဖို့နဲ့ ပတ်သက်ပြီး အာဆီယံအနေနဲ့ ဘုံသဘောတူညီချက် မရရှိသေးပါဘူး” ဟု ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဌာန၏ အာဆီယံရေးရာ ပြောရေးဆိုခွင့်ရှိသူ ဒိုမန်းနစ် ဇေးဗီးယား အင်ပီရီရယ် (Dominic Xavier Imperial) က ပြောကြားခဲ့သည်။
ရင်းမြစ်- Bloomberg Via SCMP
