သတိုး
၈. ၅. ၂၀၂၆
ကလေးထိန်းဖြစ်သူက သူမ၏ရင်သွေးကို ပျောက်ဆုံးသွားအောင်လုပ်ပြီး အခြားကလေးတစ်ဦးနှင့် အစားထိုးလဲလှယ်ခဲ့သည့်အတွက် ပျောက်ဆုံးနေသော သားဖြစ်သူကို ရှာဖွေပေးရန် ထိုင်းအမျိုးသမီးတစ်ဦးက အကူအညီတောင်းခံလာသည်ဟု ထိုင်းသတင်းဌာနတစ်ခုဖြစ်သော The Thaiger က ယနေ့ဖော်ပြသည်။
အမည်ဝှက် ‘ဂျွိုင်း’ (Joy) ဟု သိရသည့် အသက် ၂၄ နှစ်အရွယ် မိခင်ဖြစ်သူသည် သူမ၏ ရင်သွေးအရင်းကို ရှာဖွေရာတွင် ကူညီပေးရန် ‘ပါဝီနာ’ (Pavena) ကလေးသူငယ်နှင့် အမျိုးသမီးများဆိုင်ရာ ဖောင်ဒေးရှင်းသို့ လာရောက်အကူအညီတောင်းခဲ့ခြင်းဖြစ်သည်။ သူမသည် ကလေးထိန်းဖြစ်သူ ‘ဆွန်’ (Som) ကို တရားစွဲဆိုထားပြီး ဖြစ်သော်လည်း သူမ၏ရင်သွေးမှာမူ ယနေ့တိုင် ပျောက်ဆုံးနေဆဲ ဖြစ်သည်။

ဖြစ်စဉ်အစမှာ ဂျွိုင်းသည် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်နေ့တွင် ကလေးမွေးဖွားခဲ့ပြီးနောက် ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ အလုပ်လုပ်ကိုင်နေသည့် တစ်ကိုယ်ရေမိခင်တစ်ဦးဖြစ်သောကြောင့် တစ်လလျှင် ဘတ် ၈,၀၀၀ ပေးကာ ဆွန်ကို ကလေးထိန်းအဖြစ် ငှားရမ်းခဲ့သည်။
ကလေးထိန်းပြီး တစ်လခန့်အကြာတွင် ဆွန်က ဂျွိုင်းထံသို့ ဇနီးမောင်နှံနှစ်ဦးက ကလေးကို ဘတ် ၂၀,၀၀၀ ပေး၍ မွေးစားလိုကြောင်း ပြောကြားခဲ့သော်လည်း ဂျွိုင်းက ငြင်းဆိုခဲ့သည်။
၂၀၂၃ ခုနှစ်၊ မတ်လတွင် ဆွန်က အလုပ်မှထွက်သွားပြီး ၅ လသားအရွယ် ကလေးငယ်ကို ဂျွိုင်းထံ ပြန်လည်အပ်နှံခဲ့သည်။ ဂျွိုင်းနှင့် သူမ၏မိသားစုသည် ထိုကလေးကို ဆက်လက်ပြုစုပျိုးထောင်ခဲ့သော်လည်း ကလေးငယ်၏ မျက်နှာသွင်ပြင်နှင့် အသားအရောင်မှာ ဂျွိုင်းနှင့် မတူဘဲ ကွဲပြားနေသည်ကို သတိထားမိခဲ့ကြသည်။
၂၀၂၄ ခုနှစ်၊ မတ်လတွင်မူ သတိထားမိခဲ့သော မျက်နှာသွင်ပြင်ကွဲပြားမှုက အဖြေထွက်လာခဲ့သည်။ ‘အန်း’ (Ann) ဟု အမည်ရသော အမျိုးသမီးတစ်ဦးက ဂျွိုင်းထံ ဆက်သွယ်လာပြီး ဂျွိုင်းပြုစုပျိုးထောင်နေသည့် ကလေးမှာ သူမ၏ ရင်သွေးအရင်းဖြစ်ကြောင်း ဓာတ်ပုံသက်သေများနှင့်တကွ ပြောကြားလာခဲ့သည်။
ဂျွိုင်းက DNA စစ်ဆေးမှု ပြုလုပ်ခဲ့ရာတွင် ထိုကလေးမှာ သူမနှင့် သွေးသားမတော်စပ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။ ထို့ကြောင့် ကလေးထိန်း ဆွန်ကို ဆက်သွယ်ရန် ကြိုးပမ်းခဲ့သော်လည်း ဆွန်က အဆက်အသွယ်အားလုံးကို ဖြတ်တောက်ထားခဲ့သည့်အတွက် ရဲစခန်းတွင် တိုင်ချက်ဖွင့်ခဲ့ရသည်။
ကလေးထိန်းကို ဖမ်းမိခဲ့ပြီးနောက်ပိုင်းတွင် ဆွန်က ဂျွိုင်း၏ရင်သွေးကို ပျောက်ဆုံးသွားအောင် လုပ်ခဲ့မိကြောင်း ဝန်ခံခဲ့သည်။ သူမ ဆေးရုံသွားစဉ် ‘ဝှမ်း’ (Whan) ဟု အမည်ရသည့် မြန်မာအမျိုးသမီး အိမ်နီးချင်းတစ်ဦးထံတွင် ကလေးကို ခဏအပ်ထားခဲ့ရာ ဆေးရုံမှ ပြန်လာချိန်တွင် ထိုအမျိုးသမီးနှင့် ကလေးမှာ ပျောက်ခြင်းမလှ ပျောက်ကွယ်သွားခဲ့ကြောင်း ဆွန်က ထွက်ဆိုခဲ့သည်။
ထိုသို့ ကလေးပျောက်ဆုံးသွားပြီးနောက် ဆွန်သည် အန်းထံသို့ ဆက်သွယ်ကာ သူမ၏ကလေးကို ဂျွိုင်းထံ ဘတ် ၁၀,၀၀၀ ဖြင့် ရောင်းချရန် တိုက်တွန်းခဲ့သည်။ အန်းက သဘောတူခဲ့သည့်အတွက် ဆွန်က အန်း၏ကလေးကို ဂျွိုင်း၏ ကလေးဖြစ်ဟန်ဆောင်ကာ အပ်နှံခဲ့ခြင်းဖြစ်သည်။
ရဲတပ်ဖွဲ့က ဆွန်ကို ကလေးလဲလှယ်မှု၊ အသက် ၁၅ နှစ်အောက် ကလေးငယ်ကို အကျိုးအမြတ်အတွက် မိဘထံမှ ခိုးယူမှုများဖြင့် အမှုဖွင့် အရေးယူထားသော်လည်း ပျောက်ဆုံးနေသည့် ကလေးကို ရှာဖွေရန်အတွက်မူ ထိရောက်သော စုံစမ်းစစ်ဆေးမှုများ မရှိသေးကြောင်း ဂျွိုင်းက ဆိုသည်။ ပါဝီနာ ဖောင်ဒေးရှင်းက ပျောက်ဆုံးနေသော ကလေးငယ်ကို ခြေရာခံနိုင်ရန်အတွက် ဆွန်၊ အန်းနှင့် ဆက်စပ်သူများကို ခေါ်ယူစစ်ဆေးရန် ရဲတပ်ဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိသည်။
Ref : The Thaiger

