၈.၅.၂၀၂၆
Written by KL
ထိုင်းနိုင်ငံ၊ စမွတ်ပရာကန်ခရိုင်၊ ဘန်ဖီမြို့နယ်တွင်ရှိသော သံစက်ရုံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအမျိုးသမီးတစ်ဦး သံစည်းဖြင့်ရိုက်မိရာမှ သေဆုံးမှု မေလ ၆ ရက် မွန်းလွဲ ၂ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း အလုပ်သမားအရေးကူညီဆောင်ရွက်ပေးသည့် အလုပ်သမားမဟာမိတ်အဖွဲ့ WAG ထံမှ သိရသည်။
သံစက်ရုံတွင် အလုပ်လုပ်ကိုင်သော အသက် ၂၂ နှစ်အရွယ် မခိုင်သဇင်ဝင်းမှာ သံစည်းဖြင့် ရိုက်မိသဖြင့် ဒဏ်ရာပြင်းထန်သဖြင့်နေရာတွင်ပင် သေဆုံးခဲ့ကြောင်း သိရသည်။
သေဆုံးသူ၏ရုပ်အလောင်းကို ဘန်ဖီဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး သေမှုသေခင်းလုပ်ငန်းစဥ်များ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သေဆုံးသူ မခိုင်သဇင်ဝင်းမှာ မွန်ပြည်နယ်၊ ကျိုက်ကော်မြို့နယ်၊ သရက်တောရပ်ကွက်တွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။
သေဆုံးသူ၏ မောင်နှမများက သေဆုံးမှုနှင့်ပတ်သက်၍ ဆောင်ရွက်ရမည့်လုပ်ငန်းစဥ်များကို မသိရှိသောကြောင့် လာရောက်အကူအညီတောင်းခံသဖြင့် ကူညီဆောင်ရွက်ပေးနေကြောင်း WAG ထံမှ သိရသည်။
သေဆုံးသူအတွက် နစ်နာကြေးရရှိရန်နှင့် အခြားသော ကိစ္စရပ်များကို ကူညီဆောင်ရွက်ပေးရာ စက်ရုံပိုင်ရှင်ဘက်ကလည်း ပူးပေါင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။


