သက်တံ့
၈. ၅. ၂၀၂၆
ဘတ် နှစ်သိန်းကျော် တန်ဖိုးရှိသည့် ရွှေဆွဲကြိုး၏ အစိတ်အပိုင်းများကို ကိုက်ဖြတ်စားသောက်ကာ မျိုချခဲ့မိသော ပိုမိုရေးနီးယန်း (Pomeranian) ခွေးလေးနှစ်ကောင်ကို ခွဲစိတ်ကုသမှုများ ပြုလုပ်ခဲ့ရပြီးနောက် ခွေးပိုင်ရှင်ဖြစ်သူက အခြားအိမ်မွေးတိရစ္ဆာန် မွေးမြူသူများ သတိပြုနိုင်ရန် လူမှုကွန်ရက်တွင် သတိပေးချက် ထုတ်ပြန်ခဲ့သည်။
အသက် ၄၁ နှစ်အရွယ် နတ်သဖွန် ရွတ်ကာချတ် (Natthaporn Rukkachart) ဆိုသူက သူ၏ TikTok အကောင့်ဖြစ်သော @pompomgang888 တွင် သူ၏ခွေးလေးများ ကြုံတွေ့ခဲ့ရသည့် ဖြစ်စဉ်ကို ဗီဒီယိုဖိုင်ဖြင့် တင်ဆက်ခဲ့ခြင်းဖြစ်သည်။
နတ်သဖွန်တွင် Shabu၊ Yujin နှင့် Soju ဟု အမည်ရသော ခွေးသုံးကောင်ရှိပြီး ယခုဖြစ်စဉ်တွင် ပါဝင်ခဲ့သည်မှာ အသက် ၇ လအရွယ် အထီးလေး Shabu နှင့် ၈ လအရွယ် အမလေး Yujin တို့ဖြစ်သည်။

နတ်သဖွန်သည် ဘတ် ၂၁၀,၀၀၀ ကျော် တန်ဖိုးရှိသော သူ၏ ရွှေဆွဲကြိုးကို အိပ်ရာမဝင်မီ နေအိမ်ရှိ ကုလားထိုင်ပေါ်တွင် တင်ထားခဲ့သည်။ နောက်တစ်နေ့ နံနက်တွင် ခွေးလေးနှစ်ကောင်မှာ ရွှေဆွဲကြိုးကို ဝါးစားမျိုချနေသည်ကို သူ၏ချစ်သူက မြင်တွေ့သွားသဖြင့် အော်ဟစ်နှိုးခဲ့ခြင်းဖြစ်သည်။ ဆွဲကြိုး၏ အစိတ်အပိုင်းအချို့မှာ ခွေးများ၏ ပါးစပ်ထဲတွင် ရှိနေဆဲဖြစ်ပြီး အချို့မှာ ကြမ်းပြင်ပေါ်တွင် ပျက်စီးလျက်သား တွေ့ရှိခဲ့ရသည်။
ကျန်ရှိနေသော ရွှေများကို ပြန်လည်စုစည်းကြည့်ရာတွင် ဘတ် ၁၄၀,၀၀၀ ကျော် တန်ဖိုးရှိသော ရွှေအစိတ်အပိုင်းများကို ခွေးများက မျိုချခဲ့ကြောင်း ခန့်မှန်းမိခဲ့ကြသည်။ ထို့နောက် ခွေးလေးများမှာ ရွှေစများပါသော အန်ဖတ်များနှင့် မစင်များ စွန့်ထုတ်လာသောကြောင့် တိရစ္ဆာန်ဆေးကုခန်းသို့ အပြေးအလွှား ခေါ်ဆောင်သွားခဲ့ရသည်။

ထို့နောက် X-ray ရိုက်ကြည့်ရာတွင် Shabu နှင့် Yujin တို့၏ အစာအိမ်ထဲတွင် ရွှေစများစွာ ရောက်ရှိနေသည်ကို အတည်ပြုနိုင်ခဲ့သည်။ ကျန်းမာရေးအတွက် အန္တရာယ်ရှိနိုင်သဖြင့် တိရစ္ဆာန်ဆရာဝန်က ချက်ချင်းခွဲစိတ်ရန် အကြံပြုခဲ့သည်။
ခွဲစိတ်ကုသမှုမှာ အောင်မြင်ခဲ့သော်လည်း Yujin မှာ ခွဲစိတ်ပြီးနောက်ပိုင်း အနည်းငယ် ပင်ပန်းနွမ်းနယ်နေသည့် လက္ခဏာပြခဲ့သည်။ နတ်သဖွန်၏ နောက်ဆုံးအခြေအနေ တင်ပြချက်အရ ခွေးလေးနှစ်ကောင်လုံးမှာ လက်ရှိတွင် ဆေးရုံ၌ စောင့်ကြည့်ခံနေရပြီး ကျန်းမာရေးအခြေအနေ ပြန်လည်တည်ငြိမ်နေပြီဖြစ်ကြောင်း သိရသည်။
နတ်သဖွန်နှင့် သူ၏ချစ်သူက တန်ဖိုးကြီးပစ္စည်းများနှင့် အန္တရာယ်ရှိနိုင်သော ပစ္စည်းများကို တိရစ္ဆာန်များ လက်လှမ်းမမီသည့်နေရာတွင် ထားရှိရန်နှင့် သူတို့၏ ထူးခြားသော အမူအရာများကို အမြဲစောင့်ကြည့်ရန် တိုက်တွန်းထားသည်။
ထို့အပြင် ၎င်းတို့စုံတွဲသည် ပျက်စီးသွားသော ရွှေအစိတ်အပိုင်းများနှင့် ခွေးများ၏ ဗိုက်ထဲမှ ပြန်လည်ရရှိသော ရွှေစများကို ရွှေဆိုင်သို့ ပြန်လည်ရောင်းချခဲ့ကြောင်းလည်း သိရသည်။
ယခုနှစ် ဇန်နဝါရီလအတွင်းကလည်း ချာချိုအန်ဆောင် (Chachoengsao) ပြည်နယ်တွင် အသားလုံးစားရန် ကြိုးပမ်းသော ခွေးတစ်ကောင်မှာ ကားဘီးအတွင်း ခေါင်းညပ်သွားသဖြင့် ကယ်ဆယ်ရေးသမားများက စက်ပစ္စည်းများအသုံးပြုကာ ဘေးကင်းစွာ ကယ်ထုတ်ပေးခဲ့ရသည့် ဖြစ်စဉ်တစ်ခုလည်း ဖြစ်ပွားခဲ့ဖူးသည်။
Ref: The Thaiger

