
သက်တန့်
၇. ၅. ၂၀၂၆
အမေရိကန်- အစ္စရေးနဲ့ အီရန်စစ်ပွဲကြောင့် ကမ္ဘာ့နိုင်ငံတွေနည်းတူ မြန်မာနိုင်ငံမှာလည်း ဂယက်ရိုက်နေတဲ့ စက်သုံးဆီအကျပ်အတည်းမှာ ချွေတာရေးအတွက် အုတ်တစ်ချပ် သဲတစ်ပွင့်အနေနဲ့ ပါဝင်မှုအဖြစ် မြန်မာနိုင်ငံဆိုင်ရာ နယ်သာလန်သံရုံးက ဒုတိယအကြီးအကဲဟာ စက်ဘီးနဲ့ရုံးတက်နေပြီဖြစ်ပါတယ်။
ဖေဖော်ဝါရီ လကုန်ပိုင်းက စပြီး မြန်မာနိုင်ငံမှာ စက်သုံးဆီတွေ စျေးတက်ပြီး ပြတ်လပ်မှုနဲ့ ကြုံခဲ့ရပါတယ်။ လူအများစုက ကားဆီဖြည့်ဖို့အတွက်၊ ကောက်ပဲ သီးနှံ ရိတ်သိမ်းဖို့အတွက်နဲ့ သူတို့ရဲ့ ထွက်ကုန်တွေကို စျေးအရောက် ပို့ဖို့ သယ်ယူပို့ဆောင်ရေးအတွက် ဆီဝယ်ဖြည့်နိုင်ဖို့ ရုန်းကန်ကြရပါတယ်။

ဒါ့ကြောင့် နယ်သာလန်သံရုံးရဲ့ ဒုတိယ သံရုံး အကြီးအကဲ မစ္စတာ ၀င်းမ် ဗန်ဒွေါန်က စက်သုံးဆီ ချွေတာဖို့အတွက် ရုံးသွားရင် တတ်နိုင်သလောက် စက်ဘီးစီးသွားဖို့ ဆုံးဖြတ်လိုက်ပါတယ်။
“ကျွန်တော် မြန်မာနိုင်ငံရောက်ကတည်းက စက်ဘီးစီးဖို့ စဥ်းစားခဲ့ပါတယ်။ နေပူတာရယ်၊ ဘေးကင်းပါ့မလားလို့ မေးခွန်းထုတ်မိတာရယ်၊ အစည်းအဝေးတွေသွားဖို့ ကုတ်အင်္ကျီ ဝတ်ဖို့ လိုတာတွေရယ်ကြောင့် စက်ဘီးမစီး ဖြစ်ခဲ့ဘူး။ ဒါပေမယ့် စက်သုံးဆီ အကျပ်အတည်းကြောင့် ဖြင်ပေါ်လာရတဲ့ အခက်အခဲတွေကို မြင်ရတဲ့အခါ ကျွန်တော်လည်း တစ်ခုခုတော့ လုပ်ပေးချင်ခဲ့မိတယ်။”လို့ မစ္စတာ ၀င်းမ် ဗန်ဒွေါန်က ဆိုပါတယ်။
နယ်သာလန်နိုင်ငံမှာတော့ စက်ဘီးနဲ့ ရုံးတက်တာက ပုံမှန်အခြေအနေသာပြီး ငါးကီလိုမီတာ ပတ်လည်အတွင်းဆိုရင် ရာသီဥတု ဆိုးနေရင်တောင် လူအများစုက ရုံးကို စက်ဘီးစီး သွားကြတယ်လို့လည်း သိရပါတယ်။
“ကျွန်တော် မြန်မာနိုင်ငံ မလာခင်တုန်းက နေ့တိုင်း ရုံးကို စက်ဘီးစီးသွားတယ်။ မိုးပဲ ရွာရွာ၊ နှင်းပဲ ကျကျ ကျွန်တော်က ရေလုံတဲ့ ဝတ်စုံ ဝတ်ပြီး စက်ဘီးစီး ရုံးတက်တယ်။ မြန်မာနိုင်ငံမှာတော့ စက်ဘီးစီး ရုံးတက်နိုင်ဖို့ တခြားနည်းတွေကို သုံးဖို့ လိုပြန်ပါတယ်။ ဒီမှာက စက်ဘီးနင်းသူတွေအတွက် သီးသန့် သတ်မှတ်ပေးထားတဲ့ လမ်းမရှိတော့ ကားကြပ်တဲ့ လမ်းမကြီးတွေကို ရှောင်ဖို့ လမ်းသွယ်လေးတွေကို သုံးရတယ်။ အိမ်ကနေ စောစောထွက်ရတယ်။ အားကစား ဝတ်စုံဝတ်ရတယ်။ ရုံးမှာ ရေချိုးလို့ ရတော့ ကံကောင်းတယ်။ ရုံးကလူတွေ မရောက်ခင် ကျွန်တော် ရေမိုးချိုး၊ အဝတ်အစားလဲ ကုတ်အင်္ကျီ ဝတ်ပြီး အလုပ်လုပ်ဖို့ အဆင်သင့် ဖြစ်နေပြီ”လို့လည်း မစ္စတာ ၀င်းမ် ဗန်ဒွေါန်က ဆိုပါတယ်။

ဒါ့အပြင် စက်ဘီးစီးတာဟာ စက်သုံးဆီ ချွေတာရာလည်း ရောက်သလို ဆီမရမှာလည်း မပူရတဲ့အပြင် ငွေကုန်လည်း သက်သာပြီး ပတ်ဝန်းကျင်ကိုလည်း မထိခိုက်ကြောင်းနဲ့ လမ်းပေါ်က လူတွေရဲ့ နေ့စဥ် ဘဝတွေကိုလည်း ပိုမြင်တွေ့ခွင့်ရတဲ့အပြင် ကျန်းမာရေးအတွက်လည်း ကောင်းမွန်လို့ ၂၅ မိနစ်လောက် စက်ဘီးစီးတာက မစ္စတာ ၀င်းမ် ဗန်ဒွေါန်အဖို့ နေ့စဥ်လေ့ကျင့်ခန်း တစ်ခုလို ဖြစ်နေပြီလို့လည်း ဆိုပါတယ်။
“ကျွန်တော်လုပ်ပေးနိုင်တာလေးက မပြောပလောက်ဘူး ဆိုပေမယ့် စက်သုံးဆီ အခက်အခဲကြောင့် ရုန်းကန်နေရတဲ့ လူတွေနဲ့အတူ ရှိတယ် ဆိုတာ ပြသနိုင်တယ်လို့တော့ ကျွန်တော် ယုံတယ်။ စက်သုံးဆီ အသုံး လျှော့ချဖို့ လုပ်ဆောင်ချက်လေးတွေ များလာရင် အကျိုးသက်ရောက်မှုကြီး ဖြစ်လာမှာပါ” လို့ ဝင်းမ်က ဆက်လက် ပြောပါတယ်။
